မန္တလေး ၁၉ ဖေဖော်ဝါရီ 

 

အမရပူရမြို့နယ်တွင် ဘကြီးတော်စစ်ကိုင်းမင်း တည်ထားကိုးကွယ်တော်မူခဲ့သော မဟာဝိဇယရံသီ ပုထိုးတော်ကြီးမြတ်စွာဘုရား ရတနာစိန်ဖူးတော်၊ ရွှေစင်ရွှေသား ရွှေငှက်မြတ်နားတော်၊ ဆည်းလည်းပဒေသာ၊ ဗုဒ္ဓရုပ်ပွားတော်များနှင့် အရံစေတီများ၏ စိန်ဖူးတော်များနှင့် ငှက်မြတ်နားတော်များအထွတ်သို့ တင်လှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၆ နာရီတွင် စေတီတော်ရင်ပြင်တော်ရှိ မင်္ဂလာမဏ္ဍပ်၌ ကျင်းပသည်။

 

4896

 

ရှေးဦးစွာ နိုင်ငံတော်သံဃာမဟာနာယက ဒုတိယဥက္ကဋ္ဌ ဘုရားကြီးတိုက်ဆင်မင်း ကျောင်းဆရာတော် ဘဒ္ဒန္တဩဘာသာဘိဝံသ အမှူးပြုသော ဆရာတော်သံဃာတော်များအား ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့်ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့်ဇနီး၊ မတည်အလှူရှင် ဦးဝိတ်နှင့် မိသားစုတို့က အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။

 

ထို့နောက် နိုင်ငံတော်သံဃာမဟာနာယက ဒုတိယဥက္ကဋ္ဌ ဆင်မင်းကျောင်းဆရာတော်ကြီးထံမှ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်များက ၉ ပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များထံမှ ပရိတ်တရားတော်များကို နာယူကြသည်။

 

ယင်းနောက် ဆရာတော်သံဃာတော်များထံ ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲနှင့် ပရိတ်ကျောက်များကို ဥပသကာများက ဆက်ကပ်ကြပြီး စေတီတော်ဝထ္ထုကံတွင် ပက်ဖျန်းချည်နှောင်ကြသည်။


ဆက်လက်၍ ဆရာတော်သံဃာတော်များအား ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ မတည်အလှူရှင်နှင့် ဘုရားဒါယကာဒါယိကာမများ၊ တာဝန်ရှိသူများက ရတနာ စိန်ဖူးတော်၊ ရွှေစင်ရွှေသား ရွှေငှက်မြတ်နားတော်၊ ဆည်းလည်းပဒေသာ၊ ဗုဒ္ဓရုပ်ပွားတော်များ၊ လှူဒါန်းဌာပနာပစ္စည်းများနှင့် အရံစေတီများ၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို သံဃာ တော်များထံ ဆက်ကပ်ခြင်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ နိုင်ငံတော်သံဃာ မဟာနာယက အကျိုးတော်ဆောင် ဘဒ္ဒန္တစန္ဒိမာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ) သံလျှင်မင်း ကျောင်းဆရာတော်ထံမှ ဧည့်ပရိတ်သတ်များက အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှူ အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မတည်အလှူရှင်မိသားစုနှင့် ဘုရားဒါယကာဒါယိကာမများက ရတနာ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေစင်ရွှေသား ရွှေငှက်မြတ်နားတော်၊ ဆည်းလည်းပဒေသာ၊ ဗုဒ္ဓရုပ်ပွားတော်များ လှူဒါန်းဌာပနာများပစ္စည်းများနှင့် အရံစေတီများ၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို ပင့်ဆောင်၍ စေတီတော်အား လက်ယာရစ်လှည့်လည်ပူဇော်ကာ စေတီတော်အထွတ်သို့ မင်္ဂလာရထားပျံဖြင့် ပင့်ဆောင်တင်လှူပူဇော်ကြသည်။

 

သတင်းစဉ်၊ ဓာတ်ပုံ - တင်မောင်(မန်းကိုယ်ပွား)