အမှတ်(၁) သံမဏိစက်ရုံ (မြင်းခြံ)  ငါးနှစ်ဆက်တိုက် အရှုံးပေါ်

မန္တလေး  ၃ ဧပြီ

 

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ အမှတ်(၁) သံမဏိစက်ရုံ (မြင်းခြံ) သည် ငါးနှစ်ဆက်တိုက် အရှုံးပေါ်ခဲ့သည်ဟု မန္တလေးတိုင်းဒေသကြီး၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရအသုံး စာရင်းစစ်ဆေး တွေ့ရှိချက် အစီရင်ခံစာ တွင်ဖော်ပြထားသည်။

 

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ အမှတ် (၁)သံမဏိစက်ရုံ(မြင်းခြံ)သည် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှ စတင်ကာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အထိ ငါးနှစ်အတွင်း ငွေကျပ် သန်းပေါင်း ၁၃၀ဝ၀ဝ ကျော် အရှုံးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

 

‘နိုင်ငံတော် စီးပွားရေးအရ အကျိုးအမြတ် ရရှိနိုင်သော သံမဏိလုပ်ငန်း ဖြစ်ပါလျက်နှင့် ၅ နှစ် ဆက်တိုက် အရှုံးပေါ်ရခြင်းသည် မဖြစ်သင့်ဘူးလို့ မြင်ပါတယ်’ ဟု  မြင်းခြံမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးချမ်းမြေ့က အမှတ်(၁) သံမဏိစက်ရုံ (မြင်းခြံ)နှင့် ပတ်သက်ပြီး  ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ဆွေးနွေးခဲ့သည်။

 

မန္တလေးတိုင်းဒေသကြီးတွင် အမှတ်(၁)သံမဏိစက်ရုံ၊ အဆင့်မြင့်မီးခံအုတ်စက်ရုံ (ကျောက်ဆည်)၊ အမှတ် (၃၆) မှန်စက်ရုံ (ကျောက်ဆည်)၊  အမှတ်(၇) အထည်စက်ရုံ (မြစ်သား)၊  အမှတ်(၈) အထည်စက်ရုံခွဲ (ရမည်းသင်း)၊ အမှတ်(၁၀ ) အထည်စက်ရုံ (တောင်သာ) စသည့် စက်ရုံများသည်လည်း အရှုံးပေါ်နေကြောင်း သိရသည်။

 

နိုင်ငံတော်ပိုင် စက်ရုံများအား ပုဂ္ဂလိက ကုမ္ပဏီများသို့ ငှားရမ်းရာတွင် စာချုပ်များ ချုပ်ဆိုသည့်အခါ နိုင်ငံသားတို့၏ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ကြောင်း၊ အချို့ပြသနာများသည် စာချုပ်များ၏ အားနည်းချက်ကြောင့် ဖြစ်ပါကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးချမ်းမြေ့က သုံးသပ်ပြောကြားသည်။

 

မန္တလေးတိုင်း အတွင်းရှိ နိုင်ငံတော်ပိုင် စက်ရုံများအနက် အမှတ်(၃၃) ဘိလပ်မြေစက်ရုံ (ကျောက်ဆည်)၊ မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ (အင်ရောင်း) စက်ရုံတို့သည်လျှင် အမြတ်ရရှိကြောင်း သိရသည်။

 

အိမို့မို့ခိုင်