အီတလီစီးရီးအေ      ပွဲစဉ်(၁)ရဲ့ အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ လက်ရှိချန်ပီယံ နာပိုလီအသင်းနဲ့ ဆာဆူအိုလိုအသင်းတို့   ဩဂုတ်  ၂၃ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့   ပွဲစဉ်မှာ နာပိုလီ အသင်းက  အမ်တွန်မီနေးနဲ့ ဒီဘရိုင်းတို့ရဲ့ သွင်းဂိုးတွေနဲ့  ဆာဆူအိုလိုအသင်းကို အနိုင်ရပြီ ရာသီအစ အဖွင့်လှခဲ့ပြီဖြစ်ပါတယ်။

 

နှစ်ဂိုးပြတ်အနိုင်ရရှိ

 

ဆာဆူအိုလိုအသင်းနဲ့    နာပိုလီအသင်းတို့ပွဲစဉ်မှာ   ဧည့်သည်အဖြစ် လာရောက်ကစားခဲ့တဲ့ နာပိုလီအသင်းက ပထမပိုင်းပွဲကစားချိန်  ၁၇  မိနစ်မှာ အမ်တွန်မီနေးနဲ့ ဒုတိယပိုင်း ပွဲကစားချိန် ၅၇ မိနစ်မှာ ဒီဘရိုင်းတို့ရဲ့သွင်းဂိုးတွေနဲ့ ဆာဆူအိုလိုအသင်းကို  နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

 

ဘယ်လ်ဂျီယံကွင်းလယ်ကစားသမား ကီဗင်ဒီဘရိုင်းက အခုပွဲစဉ်မှာ ဂိုးသွင်းယူ နိုင်ခဲ့ခြင်းဟာ   နာပိုလီအသင်းနဲ့အတူ ပွဲဦးထွက်ဂိုး စတင်သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။   အသက် ၃၄ နှစ်အရွယ် ကွင်းလယ်ကစားသမား   ဒီဘရိုင်းဟာ မန်စီးတီးအသင်းမှာ ကစားသမားဘဝ ၁၀    နှစ်ကြာ    ဖြတ်သန်းခဲ့ပြီးနောက် နွေရာသီ အပြောင်းအရွှေ့ကာလအတွင်း က နာပိုလီအသင်းဆီ  အလွတ်ပြောင်းရွှေ့ ကြေးနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။

 

အခုပွဲစဉ်မှာ နာပိုလီအသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့တဲ့ အသက် ၂၈ နှစ် အရွယ်ရှိ စကော့တလန်ကွင်းလယ်ကစားသမား အမ်တွန်မီနေးကတော့ ၂၀၂၄ခုနှစ် အတွင်းက မန်ယူအသင်းကနေ နာပိုလီအသင်းဆီ  ပြောင်းရွှေ့လာခဲ့ပြီးနောက် အီတလီစီးရီးအေ ပွဲစဉ်(၃၄)ပွဲ မှာ သွင်းဂိုး ၁၂ ဂိုးသွင်းယူပေးခဲ့ပြီး   ၂၀၂၄-၂၀၂၅ ဘောလုံးရာသီက နာပိုလီအသင်းနဲ့အတူ အီတလီစီးရီးအေ  ချန်ပီယံဆုဖလားကို ရယူဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

 

ကွင်းလယ်ကစားသမား အမ်တွန်မီနေးဟာ    နာပိုလီအသင်းအတွက်  ပြိုင်ပွဲအရပ်ရပ်  ပွဲစဉ်(၃၇)ပွဲမှာ သွင်းဂိုး ၁၄ ဂိုး အထိသွင်းယူပေးနိုင်ခဲ့တာကြောင့် ၂၀၂၅ ခုနှစ် ဘလွန်းဒီအောဆုအတွက်လည်း အမည်စာရင်း  တင်သွင်းခံခဲ့ရတာဖြစ်ပါတယ်။

 

ငွေကြယ်