ဆုလတ်မေ

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ မှီတင်းနေထိုင်ရာ နိုင်ငံတစ်ခုဖြစ်သည်နှင့်အညီ မတူကွဲပြားသော ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းသမိုင်းကြောင်း အသီးသီးတို့ရှိခဲ့သည့်အပြင် လူမှုဘဝနေထိုင်မှုပုံစံတူညီသော ပြည်ထောင်စုနိုင်ငံတစ်ခုဖြစ်ပါသည်။ ထိုပြည်ထောင်စုနိုင်ငံအတွင်းတွင် နေထိုင်ကြသည့် လူငယ်ဆိုသည်မှာလည်း အလားအလာကောင်းများကို ပိုင်ဆိုင်ထားကြသူများဖြစ်သည့်အတွက် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်အကောင်းအဆိုးသည် လူငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် စွမ်းရည်အပေါ်တွင် တည်မှီနေပါသည်။

တန်ဖိုးဟူသည်မှာ အသုံးဝင်မှုတစ်ခုဖြစ်ရာ မိသားစုအတွက်အသုံးဝင်ပါက မိသားစုအတွက် တန်ဖိုးရှိသော လူငယ်ဖြစ်ပြီး ကျေးရွာ၊ တိုင်းပြည်အတွက် အသုံးဝင်သူဆိုပါက ကျေးရွာ၊ တိုင်းပြည်အတွက် တန်ဖိုးရှိသော လူငယ်များဖြစ်သည်။ ယနေ့လူငယ်များ၏ဘဝသည် အလွန်တန်ဖိုးရှိလှသည်။ အဘယ်ကြောင့်ဆိုသော် လူငယ်အရွယ်သည် လုပ်နိုင်စွမ်း အမြင့်မားဆုံးသော အရွယ်ကာလဖြစ်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် လူငယ်ဘဝကို တန်ဖိုးထားရန် လိုအပ်ပြီး လုပ်နိုင်စွမ်းရှိသည့်အချိန်၌ အကောင်းဆုံးလုပ်ဆောင်ရန် လိုအပ်သည်။ 

လူငယ်ဘဝသည် လူတစ်ဦး၏ဘဝ အစပိုင်းကာလဖြစ်သည်။ ပထမအရွယ်ဖြစ်၍ ပညာရှာသည့်အရွယ်လည်း ဖြစ်သည်။ လူ့ဘောင်အဖွဲ့အစည်းတွင် အားကိုးအားထားပြုရသည့် လူ့စွမ်းအားအရင်းအမြစ်များလည်းဖြစ်သည်။ သို့ရာတွင် လူငယ်ဘဝ ပထမအရွယ်မှာပင် မိသားစုပြဿနာများကြောင့် လေလွင့်ကလေးသူငယ်၊ လေလွင့်လူငယ်ဘဝသို့ ရောက်သွားကြရသူများ၊ ဗီဇစရိုက်ကြောင့်ဖြစ်စေ၊ မကောင်းသည့် ပတ်ဝန်းကျင်ကြောင့်ဖြစ်စေ၊ မူးယစ်ဆေးစွဲ၍ဖြစ်စေ ငယ်ငယ်ရွယ်ရွယ်နှင့် ပြစ်မှုကျူးလွန်ကြကာ ဒုစရိုက်သမားဘဝ ရောက်သွားကြရသူများစသည်ဖြင့် ဘဝနောက်ခံ အကြောင်းအမျိုးမျိုးတို့ကြောင့် စာသင်ခန်းနှင့်ဝေး၊ အသက်မွေးဝမ်းကျောင်း အတတ်ပညာနှင့်လည်း ဝေးနေကြသူ လူငယ်များစွာတို့ရှိနေကြသည်။

ပညာတတ်လူငယ်များဖြစ်စေရေး

လူငယ်များအနေဖြင့် ကြောင်းကျိုးတွက်ဆ၍ ပြဿနာတစ်ရပ်ကို ဖြေရှင်းနိုင်ရန်အတွက် အသိပညာကို အသုံးချရသည်။ အသိပညာရရှိရန်အတွက် စာပေဖတ်ရှုခြင်းနှင့် စူးစမ်းလေ့လာခြင်းတို့ ဆောင်ရွက်ရသည်။ စာပေဖတ်ရှုခြင်းဖြင့် ဗဟုသုတရရှိမည်ဖြစ်ပြီး ကြောင်းကျိုး ဆင်ခြင်တတ်မှု၊ တွေးခေါ်မြော်မြင်တတ်မှု၊ စူးစမ်းရှာဖွေတတ်မှုတို့ကိုပါ ရရှိနိုင် သည်။ ထိုတရားများပြည့်ဝလာသည်နှင့်အမျှ လူငယ်များအနေဖြင့် ပိုမိုတိုးတက်လာမည်မှာ  အမှန်ပင်ဖြစ်သည်။ ထို့ကြောင့်လူငယ်များသည် ကြောင်းကျိုးတွက်ဆ၍ စဉ်းစားဆင်ခြင်နိုင်ရေး ဉာဏ်ပညာပြည့်စုံရန် အထူးလိုအပ်ပေသည်။ အတန်းပညာသင်ကြားခြင်းနှင့် လက်တွေ့ဘဝအား လေ့လာခြင်းဟူသည့် သင်ကြားမှုနှစ်ရပ်တွင် ကျိုးကြောင်း ဆက်စပ်စဉ်းစားပြီး အကျိုးနှင့်အကြောင်းကို ရှာဖွေတတ်သည့် အလေ့အကျင့်ရှိရန်လည်း များစွာလိုအပ်သည်။ တစ်နည်း အားဖြင့်ဆိုသော် အတန်းပညာတွင် ကျက်မှတ်မှုသာ အားပြုခြင်းထက် ကျိုးကြောင်းဆက်စပ်၍ စဉ်းစားဆင်ခြင် တတ်ရန်လိုအပ်သည်။

လူသားတို့နေထိုင်ရာ ကမ္ဘာကြီး သည်လည်း ရာစုနှစ်တစ်နှစ်ပြီးတစ်နှစ်၊ တစ်ခေတ်ပြီးတစ်ခေတ် ပြောင်းလဲလာ သည်နှင့်အမျှ လူနေမှုအဆင့်အတန်းများလည်း မြင့်မားလာကြသည်။ ထိုသို့ ပြောင်းလဲလာခြင်းနှင့်အတူ နည်းပညာများလည်း ဆန်းသစ်လာကြသည်။ ထို့ကြောင့် လူငယ်များအနေဖြင့် ပညာတတ်မြောက်မှသာလျှင် ခေတ်နှင့်အညီ လိုက်ပါစီးမျော၍ ရင်ပေါင်တန်းနိုင်မည် ဖြစ်သည်။ သို့ဖြစ်ရာ ကွန်ပျူတာ၊ အင်တာနက်၊ အီးမေးလ် စသည့်နည်းပညာများကို ကျွမ်းကျင်တတ်မြောက်အောင် လေ့လာထားရပေမည်။ 

ယခုမျက်မှောက်ခေတ်တွင် မည်သည့် ကိစ္စမဆို IT(Information technology) နည်းပညာများဖြင့်  ချိတ်ဆက် ဆောင်ရွက်ပြီး မှန်ကန်မြန်ဆန်စွာ ရွေ့လျားနေကြပြီဖြစ်သည်။ ထို့ကြောင့်ပင် အနာဂတ်ကိုဦးဆောင်မည့် လူငယ်များသည် ခေတ်နှင့်အညီ တိုးတက် ပြောင်းလဲလာသည့် နည်းပညာများကိုလည်း စဉ်ဆက်မပြတ်လေ့လာနေကြရမည်။ နည်းပညာဟူသည်မှာ သင်ယူတတ်မြောက်ထားသော ပညာများဖြင့် တီထွင်ကြံဆမှုများကို  ပြုလုပ် နေခြင်းပင်ဖြစ်သည်။ လူငယ်များသည်လည်း နည်းပညာကို နားလည်မှသာလျှင် ခေတ်နှင့်အညီပြောင်းလဲ၍ လူမှုပတ်ဝန်းကျင်တွင် စီးပွားရေး၊ လူမှုရေး၊ ပညာရေး တို့၌ ခေတ်မီပြီး ခေတ်ကိုရှေ့ဆောင်နိုင်မည်ဖြစ်သည်။ အသစ်အသစ်သော နည်းပညာများကို  စဉ်ဆက်မပြတ် လေ့လာကြရမည်မှာ လူငယ်များ၏ တာဝန်တစ်ရပ်ပင်ဖြစ်သည်။

လူငယ်သည် နိုင်ငံ၏အနာဂတ်အတွက်  အင်အားများဖြစ်သည့် အလျောက် အနာဂတ်အတွက် အရင်း အနှီးကောင်းများဖြစ်သည်။ နိုင်ငံတော်၏ အနာဂတ်အတွက် ခံယူချက်လွဲမှားသော ဆိုးသွမ်းလူငယ်များ မဖြစ်စေရေးအတွက် ယနေ့ကာလတွင် လူငယ်များကို အကောင်းဆုံးပြုစုပျိုးထောင် ပေးလျက်ရှိသည်။ ကုမုဒြာကြာပန်းသည် လရောင်ဆမ်းမှ လန်းဆန်းသကဲ့သို့ လူငယ်ဆိုသည်မှာလည်း ကိုယ်ကျင့်တရားကောင်းမွန်မှသာ လှပပေလိမ့် မည်။ ရုပ်ရည်လှပခြင်းထက် ကိုယ်ကျင့်တရား ကောင်းမွန်ခြင်းဟူသော စိတ်အလှကို မွေးမြူထားရမည်ဖြစ်သည်။ နိုင်ငံ၏ အနာဂတ်တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်း သည် လူငယ်တို့၏ အရည်အချင်းပေါ်တွင် မူတည်သဖြင့် လူငယ်များပြုစုပျိုးထောင်ရေးကို နိုင်ငံတော်က အလေးအနက်ထား ဆောင်ရွက်လျက်ရှိသည်။  လူငယ်လေလွင့်မှုအရေအတွက် များပြားခြင်း သည်  နိုင်ငံ၏အနာဂတ်အတွက် အင်အားပြုန်းတီးမှုပင်ဖြစ်သည်။

သို့ဖြစ်ရာ နောင်တစ်ချိန်တွင် နိုင်ငံ့ တာဝန်များကို ပခုံးပြောင်းတာဝန်ယူကြပြီး အနာဂတ်ကမ္ဘာကို ပုံဖော်ရေးဆွဲကြမည့် လူငယ်များသည် နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်သော ကြီးမားသည့် လူ့စွမ်းအား အရင်းအမြစ်များဖြစ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးခြားသည့် အင်အားစုတစ်ရပ်ဖြစ်ကာ အနာဂတ်ခေါင်းဆောင်များလည်း ဖြစ်ကြပါသည်။ ထို့အတွက် လူငယ်မျိုးဆက်သစ် များသည် တစ်ခေတ်ထက်တစ်ခေတ် ပိုမိုထူးချွန်ထက်မြက်ပြီး လက်ရှိရင်ဆိုင် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် အခက်အခဲများကို ကျော်လွှားနိုင်စွမ်းရှိရန် လွန်စွာအရေးကြီးလှပါသည်။ လူငယ်များ၏အသံ၊ လူငယ်များ၏ သဘောထားအပေါ်  အလေးထား နားထောင်၍  အားကောင်းခိုင်မာ ထိရောက်သော ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒ၊ မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များ ရေးဆွဲ ဆောင်ရွက်သွားရမည်ဖြစ်သည်။ 

လမ်းမှားမရောက်ရေး ဖန်တီးဖော်ဆောင်

လက်ရှိအသက် ၁၅ နှစ်အရွယ် လူငယ်သည် လာမည့် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း နိုင်ငံတွင် တစ်စုံတစ်ရာသောတာဝန်ကို ထမ်းဆောင်သူ ဖြစ်လာမည်ဖြစ်သည်။ မျိုးဆက်သစ်များ၏ တိုးတက်မြင့်မားမှု သည် နိုင်ငံတော်၏ တိုးတက်မြင့်မားမှုပင် ဖြစ်သည်။ မျက်မှောက်ကာလတွင် မသမာ သူများနှင့် နိုင်ငံရေးအစွန်းရောက်သူများက လူငယ်လူရွယ်များအား အသိမှား၊ အမြင်မှား၊ အတွေးမှားများဖြစ်ပေါ်လာအောင် ဆောင်ရွက်လျက်ရှိသည်ကို မြင်တွေ့ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေး အပြောင်းအလဲဖြစ်ပေါ်လာ သည်ကိုအကြောင်းပြု၍ လူငယ်လူရွယ်များအား လမ်းမှားပေါ်ရောက်အောင် တွန်းပို့ပေးခဲ့ကြသည်ကို မြင်တွေ့ကြရ မည်ဖြစ်သည်။ ထို့ကြောင့် လူငယ်လူရွယ်များအား အတွေးမှန်၊ အမြင်မှန်၊ အသိမှန်၊ အလုပ်မှန်အောင် ဖန်တီး ဆောင်ကြဉ်းပေးကြရမည် ဖြစ်သည်။ လူငယ်လူရွယ်များဟူသည် စူးစမ်းလို စိတ်၊ စွန့်လွှတ်စွန့်စားလိုစိတ်များဖြင့် တက်ကြွဖျတ်လတ် လှုပ်ရှားနိုင်သော အရွယ်များဖြစ်သည်။ မိဘအသိုင်းအဝိုင်းထက် ပတ်ဝန်းကျင်အသိုင်းအဝိုင်းကို ပိုမိုခင်တွယ်တတ်ကြသဖြင့် အန္တရာယ်ဖြစ်စေနိုင်သော ပတ်ဝန်းကျင်ကို ရှောင်ရှားပြီး ပိုမိုကောင်းမွန်သော ပတ်ဝန်းကျင်ကောင်းများတွင် ကျင်လည်နိုင်စေရန် အသွင်သဏ္ဌာန်အမျိုးမျိုးဖြင့် ဖန်တီးပေးကြရမည်ဖြစ်သည်။ 

နိုင်ငံတော်အစိုးရ အနေဖြင့် လူငယ်များကို အရည်အချင်းပြည့်ဝသည့် နိုင်ငံ့သားကောင်းများ ဖြစ်ထွန်းလာစေရန်အတွက်လည်းကောင်း၊ လက်ရှိနိုင်ငံ အခြေအနေ၏ လူငယ်ထု (သို့မဟုတ်) လုပ်သားအင်အား များပြားနေသည့် လူဦးရေဆုလာဘ်အား  ကောင်းစွာ အသုံးပြု၍  ကဏ္ဍပေါင်းစုံတွင် အထူးအလေးထား  အကောင်အထည်ဖော်ဆောင်မည့် ဘက်စုံလူငယ် ဖွံ့ဖြိုးမှု အစီအစဉ်များကို လမ်းပြနိုင်မည့် မူဝါဒတစ်ရပ်ဖြစ်သည့် လူငယ်ရေးရာမူဝါဒကို  လည်းကောင်း ခေတ်ကာလနှင့် ကိုက်ညီအောင် ပြင်ဆင်ချမှတ်ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် လူငယ်ရေးရာ အသိပညာပေးဟောပြော ပွဲများ၊ လူငယ်စကားဝိုင်းများ၊ လူငယ်နှင့် စာပေအနုပညာပွဲတော်များ၊ ကျောင်းသား အားကစားပြိုင်ပွဲများ၊ နိုင်ငံတကာ အစည်းအဝေးပွဲများ၌ လူငယ်များ တက်ရောက် ဆွေးနွေးစေခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။ ယနေ့ အာရှတိုက်ရှိ ချမ်းသာကြွယ်ဝသောနိုင်ငံများဖြစ်ကြသည့် တောင်ကိုရီးယား၊ စင်ကာပူနှင့် ဂျပန် စသည့်နိုင်ငံများသည် လူငယ်များကို အဓိကထား၍ နိုင်ငံကို တည်ဆောက်ခဲ့ကြခြင်းဖြစ်သည်။ အဆိုပါ နိုင်ငံများသည် တိုင်းပြည်၏ အနိမ့်ကျ ဆုံးအခြေအနေမှ  မှန်ကန်သော ခေါင်းဆောင်မှုနှင့် မူဝါဒခိုင်မာမှု၊ လူငယ်များအား အဓိကထားပြုစုပျိုးထောင်မှု၏ ရလဒ်ကြောင့် ဖွံ့ဖြိုးတိုးတက်လာခဲ့ခြင်း ဖြစ်သည်။ 

ခေတ်စနစ်များ မည်သို့ပင်ဖြတ်သန်း ပြောင်းလဲနေသည်ဖြစ်စေ လူငယ် မျိုးဆက်သစ်များအနေဖြင့် အတွေးအခေါ်ပိုင်း၊ အတွေ့အကြုံပိုင်း၊ အရည်အသွေးနှင့်် ကိုယ်စွမ်းကိုယ်စပိုင်းများတွင် ထူးချွန်ထက်မြက်နေရန် လိုအပ်မည်ဖြစ်သည်။ ထိုသို့ဖြစ်ပေါ်လာစေရန်အတွက် လူငယ်များ၏ ကြိုးစားအားထုတ်မှု အခွင့်အလမ်းများနှင့် စွမ်းရည်မြှင့်တင် ရေးအပိုင်းများကို ဖွံ့ဖြိုးရေးလမ်းကြောင်း ပေါ်တွင် တစိုက်မတ်မတ်တည်ရှိနေ အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြ ရမည်ဖြစ်သည်။

အချုပ်အားဖြင့်ဆိုသော် တန်ဖိုးရှိလှသော လူငယ်လူရွယ်များသည် တိုင်းပြည်၏ အနာဂတ်အတွက် ခေါင်းဆောင်ကောင်းများဖြစ်ပြီး နိုင်ငံတော်၏တာဝန်ကို ပခုံးပြောင်းတာဝန်ထမ်းဆောင် ကြမည့်သူများဖြစ်သည်။ အနာဂတ် ဟူသည် လူငယ်တို့၏ မျှော်လင့်ချက် ပန်းတိုင်ဖြစ်သကဲ့သို့ မျှော်လင့်ချက် ပန်းတိုင်၏ အသီးအပွင့်များ ဝေဆာစွာ လှပရန်  အထူးလိုအပ်လှပါသည်။ ထို့ကြောင့် နောင်တွင် အနာဂတ်ကို အလှဆင်မည့် လူငယ်များဖြစ်သည့် အလျောက် ထက်မြက်သွက်လက်မှု၊ မှန်ကန်သောအသိတရားဖြင့် နိုင်ငံတော်အတွက် လိုအပ်သောနေရာမှ အုတ်တစ်ချပ်၊ သဲတစ်ပွင့်အဖြစ် ကြိုးစား ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ 

နိုင်ငံတော်ကလည်း လူငယ်လူရွယ်များ၏ အကျင့်စာရိတ္တကောင်းမွန်စေရေး၊ တိုင်းချစ်ပြည်ချစ်စိတ်ရှိပြီး တိုင်းပြည်၏ဂုဏ်ကို မြှင့်တင်လိုစိတ်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားတိုးတက် လိုသောစိတ်ဓာတ်များ ဖြစ်ပေါ်လာစေရေး စနစ်တကျပျိုးထောင်ပေးလျက် ရှိသည်။ ဤသို့ ပျိုးထောင်မြှင့်တင်ပေးနေ ခြင်းသည် လူငယ်လူရွယ်များ၏ အနာဂတ်နှင့် တိုင်းပြည်၏အနာဂတ် ပိုမိုကောင်းမွန် ဖြစ်ထွန်းလာစေရေးအတွက် ဆောင်ရွက် ပေးနေခြင်းဖြစ်သဖြင့် လူငယ်များသည် မိမိကိုယ်ကို တန်ဖိုးမြှင့်တင်ခြင်းဖြင့် တန်ဖိုးရှိလှသည့် လူငယ်ဘဝကို တန်ဖိုးထား  နေထိုင်သွားကြရမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။