တက္ကသိုလ် ပွင့်သူအောင်
ကမ္ဘာနှင့်ချီ၍ လူသားဝန်းကျင်ထဲသို့ ထိုးဖောက်ဝင်ရောက်လျက်ရှိပြီး လွှမ်းမိုး ကြီးစိုးနေသောအရာတစ်ခုမှာ မူးယစ်ဆေးဝါး ပြဿနာပင်ဖြစ်သည်။ အနာဂတ်ပန်းဟု တင်စားခေါ်ဝေါ်လျက်ရှိသော လူငယ်ထုထဲသို့ အသွင်သဏ္ဌာန်မျိုးစုံဖြင့် ပူးသတ်နေသည်။ ပျံ့နှံ့နေသည်။ မူးယစ်ဆေးဝါးအန္တရာယ်သည် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးအနေဖြင့် ရင်ဆိုင်ဖြေရှင်းနေရသည့် ပြဿနာမဟုတ်ဘဲ ကမ္ဘာ့လူသားအားလုံးနှင့် အကျုံးဝင်ရင်ဆိုင်နေရသော ပြဿနာတစ်မျိုးဖြစ်သည်။ မူးယစ်ဆေးဝါးနယ်ပယ် ကျယ်ပြောလာသဖြင့် ကမ္ဘာ့နိုင်ငံ အသီးသီးက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းကို အလေးထားဆောင်ရွက်နေကြသည်။
ကမ္ဘာ့မူးယစ်ဆေးဝါး အစီရင်ခံစာ
မြန်မာနိုင်ငံတွင်လည်း မူးယစ်ဆေးဝါးက ပုံစံမျိုးစုံဖြင့် လူငယ်ထု၏ လက်တစ်ကမ်း အကွာ၌ ရှိနေသည်။ နိုင်ငံတစ်နိုင်ငဖွံ့ဖြိုး တိုးတက်စေရန်မှာ လူငယ်တို့အပေါ်၌ များစွာ တည်မီနေသည်။ လူငယ်ဆိုသည်မှာ စူးစမ်းလိုစိတ်၊ တီထွင်လိုစိတ်၊ သင်ယူလိုစိတ်၊ အတုယူလိုစိတ်၊ မျိုးချစ်စိတ်စသည်တို့ကို ရင်ဝယ်ပိုက်ထားသူများဖြစ်သည်။ မူးယစ်ဆေးဝါးဆိုရာ တွင် ဆေးလိပ်၊ စီးကရက်၊ ဘိန်းစိမ်း၊ ဘိန်းဖြူ၊ ဆေးခြောက်၊ အရက်၊ ကစော်၊ လှော်စာ၊ စိတ်ကြွ ရူးသွပ်ဆေးပြား၊ အိုက်စ်နှင့် အခြားသော အမျိုးအစားပေါင်းများစွာ ပါဝင်သည်။ မူးယစ်ဆေးဝါး တရားမဝင်ထုတ်လုပ်မှု၊ သယ်ဆောင်ရောင်းဝယ်မှုနှင့် သုံးစွဲမှုများသည် လူငယ်ထုတစ်ရပ်လုံး သာမက ပြည်သူများ၏ ကျန်းမာရေးနှင့် အေးချမ်းစွာ နေထိုင်မှုကို ဆိုးရွားစွာခြိမ်းခြောက် လျက်ရှိပြီး လူ့အဖွဲ့အစည်းများ၏ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် နိုင်ငံရေးအခြေခံ အုတ်မြစ်များကို လှိုက်စားလာခဲ့သည်။ ၂၀၁၇ ခုနှစ် ကမ္ဘာ့မူးယစ်ဆေးဝါး အစီရင်ခံစာအရ ကမ္ဘာ့လူဦးရေ၏ ၅ ရာခိုင်နှုန်းသည် တစ်နှစ် အတွင်း မူးယစ်ဆေးဝါးအနည်းဆုံးတစ်ကြိမ် သုံးစွဲမှုရှိပြီး ကမ္ဘာ့လူဦးရေ ၂၅၅သန်းရှိသည့် အနက် ၂၉ ဒသမ ၅ သန်းသည် မူးယစ်ဆေးဝါး ကုသခံယူရန် လိုအပ်နေသူများဖြစ်ကြောင်း၊ ၁၂ သန်းသည် မူးယစ်ဆေးဝါးအကြောတွင်း ထိုးသွင်းသူများဖြစ်ကြောင်း၊ တစ်နှစ်ထက်တစ်နှစ် မူးယစ်ဆေးလွန်သေဆုံးမှုများ၊ မူးယစ်ဆေးစွဲမှု ကြောင့် ကူးစက်ခံရသော HIV ရောဂါ၊ အသည်းရောင်အသားဝါ “B” “C” နှင့် T.B ရောဂါဖြစ်ပွားမှုများ မြင့်တက်လာကြောင်း သိရသည်။
ထို့အပြင် ယင်းအစီရင်ခံစာအရ မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ ဘိန်းဖြူ၊ ဆေးခြောက်၊ ကိုကင်းနှင့် အဖက်တမင်း စိတ်ကြွရူးသွပ် ဆေးပြားများအပြင် စိတ်ပြောင်းဆေးဝါးသစ် ထုတ်လုပ်မှုများကိုပါ တွေ့ရှိရကြောင်း၊ ၂၀၁၂ ခုနှစ်တွင် စိတ်ပြောင်းဆေးဝါးသစ် အမျိုးပေါင်း ၂၆၀ တွေ့ရှိခဲ့သော်လည်း ၂၀၁၇ ခုနှစ်၌ အမျိုး ပေါင်း ၆၃၀ အထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။ အထူးသဖြင့် မူးယစ်ဆေးဝါးသုံးစွဲသော လူငယ်များသည် မူးယစ်ဆေးဝါးကို မသုံးရမနေနိုင်လောက်အောင် စွဲစွဲလမ်းလမ်း ဖြစ်သွားတတ်သည်။ မူးယစ်ဆေးစွဲခြင်းကို ကြိုတင်ကာကွယ်ရန် အထူးအထွေရှိမည် မထင်ပါ။ မူးယစ်ဆေးမသုံးစွဲမိအောင် ရှောင်ကြဉ်ခြင်းသာလျှင် ကာကွယ်ခြင်းဖြစ်သည်။ ဆေးစွဲလူငယ်များ မဖြစ်ရလေအောင် မူးယစ်ဆေးဝါးကို စမ်းသပ်အသုံးမပြုမိရန်လို ပါသည်။ သုံးစွဲမိသူများသည် မသုံးရမနေနိုင် အောင်ဖြစ်ပြီး နောက်ဆုံးဆေးစွဲကာ လူညွန့် တုံးဘဝသို့ ရောက်ရတတ်ပါသည်။
မူးယစ်ဆေးအစ ဆေးလိပ်စီးကရက်က
မူးယစ်ဆေးစွဲ လူငယ်တို့၏ မူးယစ်ဆေးအစမှာ နီကိုတင်းဓာတ်ပါဝင်သော ဆေးလိပ် စီးကရက်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများပင် ဖြစ်သည်။ နီကိုတင်းဓာတ်သည် စွဲလမ်းစေသော အာနိသင်ရှိရာ စမ်းသပ်သောက်သုံးသည့် လူငယ်များသည် ဆေးလိပ် စီးကရက်စွဲသူ အဖြစ်သို့ ရောက်ရှိလာသည်။ ကမ္ဘာတစ်လွှား နှစ်စဉ် လူခြောက်သန်းခန့် သေဆုံးနေကြရခြင်းမှာ ဆေးလိပ် စီးကရက်တို့ကို ပြုလုပ်ရာတွင် အသုံးပြုသည့် ဆေးရွက်ကြီးကို သုံးစွဲခြင်းကြောင့်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဆိုသည်။ ဆေးလိပ် စီးကရက်သောက်ခြင်းသည် မူးယစ် ဆေးဝါးသုံးစွဲခြင်း၏ အခြေခံအကျဆုံး ရိုးရှင်းသည့် ပုံစံတစ်ခုဟု ဆိုနိုင်သည်။ မူးယစ်ဆေးဝါး၏ အစဖြစ်သော ဆေးလိပ် စီးကရက်သောက်ခြင်းကို ရှောင်ကြဉ်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဦးဆောင်၍ အသိပေး နှိုးဆော်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ကွမ်းယာနှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများ ထိန်းချုပ်ရေးအတွက် မီဒီယာမှတစ်ဆင့် လူထုလှုံ့ဆော်လှုပ်ရှားမှုများ ပြုလုပ်ခဲ့ရာ ကွမ်းစားသူ ၆၀ ရာခိုင်နှုန်းအား ကွမ်းမစားရန် ထိရောက်စွာ တိုက်တွန်းနိုင်ခဲ့ကြောင်း ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ချင်းတွင်းလမ်းရှိ ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းတွင် ၂၀၁၉ ခုနှစ် ဧပြီလ ၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော စာနယ်ဇင်း ရှင်းလင်းပွဲမှ သိရသည်။
အဆိုပါ လူထုလှုပ်ရှားမှုကို ဆိုရှယ်မီဒီယာတွင်လည်း hash tag အမှတ်အသားပါသည့် #StopBetelMyanmar ဆိုသော ဆောင်ပုဒ်ဖြင့် Facebook စာမျက်နှာပေါ်တွင် လူငယ်၊ လူရွယ်များနှင့် လူကြီးများအား ကွမ်းယာစားသုံး ခြင်းကို ရပ်တန့်သွားရန် (သို့မဟုတ်) ထိုအကျင့်ဆိုးကို အသက်ငယ်ငယ် အရွယ်ကစပြီး မလုပ်ဆောင် မိစေရန် ပညာပေး စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်ခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအနေဖြင့် ဆေးလိပ်နှင့် ဆေးရွက်ကြီး ထွက်ပစ္စည်းထိန်းချုပ်ခြင်း အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း (WHO FCTC) မှ ချမှတ်ထားသော မူဝါဒများနှင့် တစ်ပြေးညီ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ဆုံးမလမ်းညွှန်ပြခဲ့
မူးယစ်၏ သားကောင်သည် လူသားဘဝမှာပင် မျက်နှာစာစုံ၊ ဘက်ပေါင်းစုံတွင် နိမ့်ကျဆုံးရှုံး ကြရမည်ဖြစ်သကဲ့သို့ ပညာ၊ စီးပွား၊ လူမှု၊ အိမ်ထောင်ရေးဘဝ အဆင်မပြေမှုများ ဆက်တိုက် ဖိစီးထုထောင်းခံကြရမည်ဖြစ်သည်။ ထို့ကြောင့် အင်းဝခေတ် ရှေးစာဆိုပညာရှင်ကြီး ရှင်မဟာ ရဋ္ဌသာရက “သေရည်နှင့် အရက် စီးပွားပျက်ကို၊ တစ်စက်ကယ်မျှ မသောက်ကြနှင့်၊ ရှောင်ကြပါလေ၊ ရှင်တော်ဟောသည့် အဆိပ်ရည်” ဟူ၍ လည်းကောင်း၊ ဆားထုံဆရာတော်၏ ပုတ္ထောဝါဒ ဆုံးမစာတွင် “သောက်စားယစ်ဝ၊ လှူဗာလက၊ စသည့်လူတွင်၊ လူလေဖြင်နှင့်၊ ပျော်ရွှင်စကား၊ လူမိုက်များကို၊ ပေါင်းငြားရံခါ၊ နီးယှဉ်လာလည်း၊ ဝေးစွာသာလှ၊ ခွာနိုင်မှတည့်” ဟူ၍လည်းကောင်း မူးယစ်ဆေး၏ ဒုက္ခပေးမှုကို လူငယ်များအပါအဝင် ပြည်သူလူထု သတိပြုရန် ဆုံးမလမ်းညွှန်ပြခဲ့သည်။
သမိုင်းမှတ်တမ်းများအရ ခရစ်တော်မပေါ်မီ ဘီစီ ၄၀ဝ၀ ခန့်က ဘိန်းကို စတင်စိုက်ပျိုး အသုံးပြုခဲ့ကြောင်း သိရသည်။ ထို့စဉ်က ဘိန်းကို နာကျင်မှုဝေဒနာ သက်သာလျော့ပါးစေရေးအတွက် ဆေးဝါးအဖြစ် သုံးစွဲခဲ့ကြသည်။ ဘိန်း၏ မူလဇာစ်မြစ်ကို ရှာကြည့်လျှင် အစောဆုံးတွေ့ရသည်မှာ ၁၀ ရာစု တစ်ဝိုက်ဖြစ်သည်။ အေဒီ ၁၀၃၇ ခုနှစ်တွင် အာရပ်လူမျိုးတို့သည် အိန္ဒိယနိုင်ငံကို တိုက်ခိုက်ရာ၌ စစ်တိုက်ရင်း အသုံးပြုရန်အတွက် ဘိန်းစေ့များကို ယူဆောင်သွားလေ့ရှိသည်။ ထို့နောက် ၁၅ ရာစုသို့ ရောက်သောအခါ အာရပ်လူမျိုးတို့ ယူသွင်းလာခဲ့သော ဘိန်းစေ့များမှ တစ်ဆင့် အိန္ဒိယနိုင်ငံတွင် ဘိန်းများစိုက်ပျိုးကာ ဆေးဝါးကုန်ကြမ်းအဖြစ် ရောင်းဝယ် ဖောက်ကားခဲ့ကြသည်။ ယင်းမှ တစ်စတစ်စ ကြာလာသောအခါ ဘိန်းကိုရှူရှိုက် သုံးစွဲသည့် ဓလေ့ပေါ်ပေါက်လာခဲ့ရာ မူးယစ်ဆေးဝါးသုံးစွဲမှု သမိုင်းအစသို့ ရောက်ရှိ သွားခဲ့သည်။ မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားခြင်းဖြင့် ကြွယ်ဝချမ်းသာသူများ များပြားလာခဲ့သောကြောင့် မူးယစ်ဆေးဝါးကို စီးပွားရေးလုပ်ငန်း တစ်ရပ်အနေဖြင့် လုပ်ကိုင်လာခဲ့ကြသည်။ ၁၅၈၀ ပြည့်နှစ်၌ ပေါ်တူဂီကုန်သည်များနှင့် အီတလီလူမျိုး “ဆီဖက်ဒရစ်” ဆိုသူက ဘိန်းကို စတင်ရောင်းချခဲ့သည်။ ၁၆၃၀ ပြည့်နှစ်တွင် ဒတ်ချ် ကုမ္ပဏီ၏ မှတ်တမ်းများအရ မလက္ကာမြို့မှ နှစ်စဉ်ဘိန်းပေါင်ချိန် ၂၀ဝ ကို ကုန်သည်များမှ တစ်ဆင့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သို့ ယူဆောင် ရောင်းချခဲ့သည်။ ထို့စဉ်ကပင် ဘိန်းမှမော်ဖင်း၊ ဟီရိုးအင်းခေါ် ဘိန်းဖြူ ထုတ်လုပ်မှုများကို ဂျာမနီနိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့က တီထွင်ထုတ်လုပ်လာခဲ့ကြသည်။ ထို့မှတစ်ဆင့် မူးယစ်ဆေးဝါး ပြဿနာများ စတင်လာခဲ့သည်။
မူးယစ်ဆေးဝါးဆိုင်ရာ စာချုပ်
မူးယစ်ဆေးဝါးပြဿနာကို ရာစုနှစ်ပေါင်းများစွာကပင် ကျန်းမာရေးနှင့် လူမှုစီးပွားပြဿနာ တစ်ခုအဖြစ် သတ်မှတ်ထားခဲ့ပြီး ကမ္ဘာ့မူးယစ်ဆေးဝါး အစည်းအဝေးများတွင် အဓိက အစီအစဉ်တစ်ခုအဖြစ် ဆွေးနွေးခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ၁၉၆၁ ခုနှစ် မူးယစ်ဆေးဝါးဆိုင်ရာ စာချုပ်ကို ကမ္ဘာ့ကုလသမဂ္ဂတွင် လက်မှတ်ရေးထိုးခဲ့သည်။ ၁၉၇၄ ခုနှစ် ဗီယက်နမ်နိုင်ငံ၌ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးအတွက် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေး စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ၁၉၇၄ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် မူးယစ်ထုံထိုင်း ဘေးဖြစ်စေတတ်သော ဥပဒေ၊ ၁၉၈၈ ခုနှစ် မတ်လ ၂၂ ရက်တွင် ၁၉၇၄ ခုနှစ် မူးယစ်ထုံတိုင်း ဘေးဖြစ်စေတတ်သော ဆေးဝါးများဥပဒေကို ပြင်ဆင်သည့် ဥပဒေ၊ ၁၉၉၃ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့၌ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအား နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၁/၉၃ ဖြင့် အစားထိုးပြဋ္ဌာန်းခဲ့သည်။ ထို့နောက် ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်တွင် ၂၀၁၈ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ်-၆ ဖြစ်သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေပြဋ္ဌာန်းခဲ့သည်။
ပြည်သူ့စကားဝိုင်းများ
ယခုအခါ အနာဂတ်ပန်းများဖြစ်သော လူငယ်ထု အတွင်းသို့ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ ထိုးဖောက်ဝင်ရောက်လျက်ရှိရာ မြန်မာနိုင်ငံတွင် ပြည်သူ့စကားဝိုင်းများ၌ မူးယစ်ဆေးဝါးအန္တရာယ် ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိသည်။ ယင်းပြည်သူ့စကားဝိုင်းများ က မူးယစ်နွံအတွင်း နစ်ဆင်းနေသည့် လူငယ်လူရွယ်ကို ကယ်ထုတ်ရန် ကြိုးပမ်းနေခြင်းပင် ဖြစ်သည်။ ယင်းဆွေးနွေးပွဲများတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ တရားလွှတ်တော် တရားသူကြီးများ၊ ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ မူးယစ်အထူးပြု NGO နှင့် INGO အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသားကျောင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။ ယင်း ဆွေးနွေးပွဲများသည် ဒီမိုကရေစီအင်္ဂါရပ်နှင့်အညီ လူငယ်လူရွယ် ကျောင်းသားကျောင်းသူများ၊ ပြည်သူလူထုနှင့် အစိုးရတာဝန်ရှိသူများအကြား ဆွေးနွေးပြောကြားနိုင်သော အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ခဲ့သည်။ အထူးသဖြင့် လူငယ်ထုနှင့် ပြည်သူတို့၏အသိစိတ်မှာ မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် ပိုမိုအထောက် အကူပြုပေးခဲ့သည်။
ယနေ့ ကမ္ဘာ့နိုင်ငံအသီးသီးကို ပြန်ကြည့်မည်ဆိုပါက မိမိတို့၏ အနာဂတ် လူ့အဖွဲ့အစည်းကို ဖွံ့ဖြိုးသာယာလှပအောင် အနာဂတ်၏ မျိုးဆက်သစ်များကို လူမှုအရင်းများ၊ ဉာဏအရင်းများကို အပြိုင်အဆိုင်စိုက်ထုတ်၍ ပြုစုပျိုးထောင် နေသည်ကို တွေ့ရမည်ဖြစ်သည်။ ထိုကဲ့သို့ ပြုစုပျိုးထောင်နေသကဲ့သို့ အခြားတစ်ဖက် မှာလည်း လူငယ်မျိုးဆက်သစ်များကို ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပူးသတ်ဖျက်ဆီးနေသော မူးယစ်ဆေးဝါးအန္တရာယ်ကလည်း စိန်ခေါ်လျက်ရှိသည်ကို မြင်ရမည်ဖြစ်သည်။ မူးယစ်ဆေးဝါးသည် နိုင်ငံ၏အနာဂတ်လူငယ်ထု၏ အနာဂတ်ကို ဖျက်ဆီးရန်အတွက် ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် စနစ်တကျ ဖျက်ဆီးနေပြီး တစ်နည်းအားဖြင့် လူငယ်ထုကို ပန်းကောင်းအညွန့်ချိုးဆိုသော အခြေအနေကို ရောက်ရှိနေပြီဖြစ်သည်။ ထို့ကြောင့် ပြည်သူ့စကားဝိုင်းတွင် မူးယစ်ဆေးဝါးကို တားဆီးကာကွယ်ရေးအတွက် ဆွေးနွေးကြခြင်းပင် ဖြစ်သည်။ လူငယ်ထုကိုနေရာပေး၍ ပြည်သူ့စကားဝိုင်းတွင် ဆွေးနွေး အဖြေရှာခြင်းဖြင့် လူငယ်ထု၏ စိတ်ကိုပြောင်းလဲ ပေးခြင်းပင်ဖြစ်သည်။
အစွန်းနှစ်ဖက်ကို တွေ့ရှိခဲ့
လူငယ်ထုအတွင်း မူးယစ်ဆေးဝါး မည်သည့်အတွက်ကြောင့် စွဲသည်ကို လေ့လာကြည့်ပါက အစွန်းနှစ်ဖက်ကို တွေ့ရှိခဲ့သည်။ တစ်ဖက်က ချမ်းသာလွန်းအားကြီးသောသူများသည် မူးယစ်ဆေးဝါးကို အလွယ်တကူဝယ်ယူသုံးစွဲနိုင် ကြသည်။ အချို့က မိဘအထိန်းအကွပ်နှင့် ချစ်ခြင်းမေတ္တာမရရှိ၍ စိတ်ပိုင်းဆိုင်ရာ လိုအပ်မှုများဖြစ်လာပြီး လိုအပ်မှုများ၊ လစ်ဟာမှုများကို ပေါပေါများများ သုံးစွဲနိုင်သည့် ငွေကြေးကို အသုံးချကာ ချစ်ခြင်းမေတ္တာကွက်လပ်နေရာကို အစားထိုးသောအနေဖြင့် သုံးစွဲနေကြသည်ကို တွေ့ရသည်။ အလားတူ အလွန်ဆင်းရဲသောသူများလည်း ၎င်းတို့တွင် ပညာမသင်နိုင်သည့်အတွက် အသိဉာဏ်နှင့် ဆင်ခြင်တုံတရားနည်းပါးကာ စိတ်ဆင်းရဲမှုများ၊ ပင်ပန်းနာကျင်မှုများ ပြေပျောက်ရန်အတွက် မူးယစ်ဆေးဝါးကို သုံးစွဲခဲ့သည်။ အချို့ကမူ မူးယစ်ဆေးဝါးကို စမ်းသပ်လိုသော စိတ်ဖြင့် သုံးစွဲကြသည်။ အမှန်စင်စစ် မူးယစ်ဆေးဝါးသည် သုံးစွဲသူလူငယ်ထုကို ကျွန်ပြုလိုက်ခြင်းပင် ဖြစ်သည်။ မူးယစ်ဆေးဝါး၏ ကျွန်ပြုခြင်းခံရပြီဆိုပါက မူးယစ်ဆေးဝါး၏ စေစားရာအတိုင်း လုပ်ဆောင်ရမည်ဖြစ်သည်။ မူးယစ်ဆေးဝါး၏ လွှမ်းမိုးမှုခံရသည့်အတွက် လူငယ်တို့၏ ဘဝများမှာ တည်ငြိမ်မှုကင်းမဲ့ပြီး မူးယစ်ဆေးဝါးမရှိပါက အသက်မရှင်နိုင်ဟူ၍ အတွေးများဝင်လာခဲ့သည်။
မူးယစ်ဆေးဝါးအန္တရာယ်ဝိုင်းဝန်းကာကွယ်
မူးယစ်ဆေးဝါးပြဿနာသည် လူငယ်ထု အတွင်းသို့ အသွင်သဏ္ဌာန်အမျိုးမျိုးဖြင့် ရောက်ရှိ သုံးစွဲနေကြရာ မျိုးဆက်သစ်များအတွက် ကြီးမားသော အန္တရာယ်ဖြစ်နေသည်။ မူးယစ်ဆေးဝါး အန္တရာယ်သည် ကြီးမားပြီး အလွန်ကြောက်စရာ ကောင်းလှသဖြင့် ကမ္ဘာ့နိုင်ငံပေါင်းစုံက အသိရှိရှိဖြင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ ကြီးသည် ၁၉၈၇ ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ ညီလာခံက ဇွန်လ ၂၆ ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့” သတ်မှတ် ပြဋ္ဌာန်းပေးခဲ့သည်။ ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်မှာ “ ကျန်းမာရေးနှင့် တရားရေးမူးယစ်ကင်းဖို့ လက်တွဲစို့” ဖြစ်သည်။ ထို့ကြောင့် မူးယစ်ဆေးဝါးအန္တရာယ်သည် လူသားတစ်ဦးချင်းဆီမှသည် ကမ္ဘာကြီးအထိ ခြောက်လှန့်နေပြီဖြစ်၍ ကမ္ဘာပေါ်ရှိ လူသား အားလုံးတို့မှ ချေမှုန်းတိုက်ဖျက်ပါမှ အနာဂတ်ပန်းများဖြစ်သော လူငယ်ထုတစ်ရပ်လုံး ထာဝရ ပွင့်လန်းနေမည်ဖြစ်ကြောင်း ရေးသားလိုက် ရပါသည်။
မြန်မာ့အလင်း


