၂၉  စက်တင်ဘာ

လောကလူသားရယ်လို့ ဖြစ်လာလျှင် အမေဆိုတာ အသေအချာရှိသလို ဆရာဆိုတာလည်း ရှိကြစမြဲပင်။ လက်ဦးဆရာတို့က မိမိတို့သားသမီးများကို မိမိတို့ထက်တော်စေ၊ တတ်စေလို၍ အာစရိယဂိုဏ်းဝင် ဆရာများထံသို့ ယုံကြည်စွာ အပ်နှင်းတတ်ကြလေသည်။ ဆရာများကလည်း မိမိတို့လက်ထဲရောက်လာသော တပည့်များကို ကျောသားရင်သား၊ ဆင်းရဲချမ်းသာမခွဲခြားဘဲ သွန်သင်ဆုံးမခဲ့ကြလေသည်။ တပည့်တို့၏ ပညာရေးရေယာဉ်ပေါ်မှာ လှေလှော်တုန်း တက်မကျိုးရလေအောင်၊ ပန်းတိုင်မရောက်မီ လမ်းမပျောက်ရလေအောင်၊ အမြင့်ကိုမရောက်မီ ချောက်ကမ်းပါးမှ ပြုတ်မကျရလေအောင် တည့်မတ်ပေးကြသည်မှာ ဆရာများပင်ဖြစ်ပါသည်။ ဆရာဟူသည် ဦးခေါင်းမော့၍ လက်ညှိုးပေါင်းများစွာကို ရင်ဆိုင်ရဲသလို ဦးခေါင်းညွှတ်၍ ကလေးများ၏အကျိုးကို သယ်ပိုးဆောင်ရွက်ဝံ့သူများ ဖြစ်ကြလေသည်။

လောက၌ ဘုရားရှင်မှလွဲ၍ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာနှင့်ကင်းကွာသူဟူ၍ မရှိနိုင်ပေ။ အသိပညာ၊ အတတ်ပညာကို စနစ်တကျ လက်တွေ့ကျကျ သင်ကြားပေးသော သင်ဆရာများသည် ဝါသနာကို အရင်းခံကာ စေတနာနှင့်ပေါင်းစပ်ပြီး အနစ်နာခံခြင်းများစွာဖြင့် စံနမူနာဖြစ်အောင် ကျင့်ကြံကြရလေသည်။

သို့မှသာ အာစရိယဂုဏော အနန္တောဟူသော ဆရာမည်ပါပေသည်။ နာများစွာရှိသည့်အနက် ဆရာများ အတွက် အရေးကြီးဆုံးနာမှာ စံနမူနာပင်ဖြစ်ပါသည်။လူကြီးမိဘများက သားသမီးများကို ဆရာကြီး၊ ဆရာမ ကြီးကဲ့သို့ ဆရာလေး၊ ဆရာမလေးကဲ့သို့ဟူသော အတုယူဖွယ်ဖြစ်အောင် စံနမူနာထားထိုက်သူဖြစ်အောင် ဆရာများက ကျင့်ကြံသင့်ပေသည်။ နည်းယူထိုက်သော အဂတိကင်းသော စံပြပုဂ္ဂိုလ်အဖြစ် ကျင့်ရပါမည်။ ဆရာ၏ ကိုယ်ကျင့်သီလ ဖြူစင်ရိုးသားခြင်းသည် သူတစ်ပါးထက် သာလွန်မြင့်မြတ်သင့်ပါသည်။ လောက၌ ဆရာတင်မှန်၍ ကောင်းကျိုးများစွာရှိခဲ့သလို ဆရာတင်မှား၍ လမ်းမှားရောက်ပြီး ဒုက္ခရောက်ရပုံများလည်း ရှိခဲ့ဖူးပါသည်။ နူးညံ့သိမ်မွေ့သော အဟိသကသည် ဆရာပေါင်းမှား၍ အင်္ဂုလိမာလ ဖြစ်ခဲ့ရပါသည်။ ဒေဝဒတ်ကို ဆရာတင်မိ၍ အဇာတသတ်သည် အဖကိုပြန်သတ်သောသားအဖြစ် ငရဲကျခဲ့သော သာဓကများစွာ ရှိခဲ့ဖူးပါသည်။

ပုဂံခေတ်မတိုင်မီက မြန်မာနိုင်ငံသည် နတ်၊ နဂါးနှင့်အရည်းကြီးကိုးကွယ်မှုများ ထွန်းကားခဲ့လေသည်။ ဆရာ ကောင်းတစ်ဆူဖြစ်သော ရှင်အရဟံ၏ ဆုံးမမှုကြောင့် အနော်ရထာမင်းလက်ထက်မှစ၍ မဟုတ်မမှန်သော အယူဝါဒများဖယ်ရှားပြီး ထေရဝါဒဗုဒ္ဓသာသနာ ထွန်းကားလာခဲ့လေသည်။ မျိုးစေ့ကောင်းမှ အပင်ကောင်းနိုင်သလို အသီးအပွင့်လည်း ကောင်းနိုင်ပါလိမ့်မည်။ ယမင်းရုပ်လေး၏ အလှအပသည် ပန်းပုဆရာအပေါ်တွင် မူတည်လေသည်။ တောင်ဇလပ်ပန်းကို ထုပ်ထားသောဖက်သည် အမွှေးရနံ့များ ကူးစက်နေသလို ဆရာကောင်းနှင့် ထိတွေ့ခွင့်ရသော တပည့်များ၏ ဘဝသည်လည်း တစ်သက်လုံး တင့်တယ်လန်းဆန်းနေပါမည်။ ထို့ကြောင့် ထူးချွန်ထက်မြက်သော တပည့်ကောင်းများ ပေါ်ထွက်လာရေးသည် ဆရာများအပေါ်တွင် များစွာမူတည်လေသည်။ သို့ပါ၍ ဆရာသည် ကိုယ်ကျင့်တရားကောင်းမွန်၍ ရိုးသားကြိုးစားပြီး ကြင်နာစိတ်အပြည့်ဖြင့် ကိုယ်ကျိုးမငဲ့ဘဲ အစွမ်းကုန်ကြိုးစားကျင့်ကြံသင့်ပေသည်။

တိုင်းပြည်၏ အနာဂတ်သည် ဆရာ၏ ပခုံးပေါ်တွင်ရှိပါသည်။ တပည့်ကောင်းများ မွေးထုတ်ပေးခြင်းဆိုသည်မှာ ကိုယ်ကျင့်တရားကောင်းမွန်ပြီး ကိုယ်ချင်းစာစိတ်ပြည့်ဝသော မျိုးဆက်သစ်များဖြစ်လာစေရန် ဖြစ်ပါသည်။ စာသင်ရုံသာမက စိတ်ကိုပါပြုပြင်ပေးနိုင်မှ ဆရာ့တာဝန် ကျေပွန်ပါလိမ့်မည်။ စာတတ်ရုံသာမကဘဲ ပြဿနာပေါင်းစံကို ကိုယ်တိုင်ဖြေရှင်းတတ်သော နိုင်ငံ့သားကောင်းများအဖြစ် မွေးထုတ်ပေးနိုင်ရန် ဆရာတိုင်းတွင် တာဝန်ရှိလေသည်။

ဆရာဟူသည် လူတိုင်းမဖြစ်နိုင်ပါ။ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများစွာရှိသည့်အနက် အမွန်မြတ်ဆုံး အလုပ်ကိုပြပါဆိုလျှင် ကျောင်းဆရာ၊ ဆရာမ အလုပ်ကိုပြရပါလိမ့်မည်။ ဆရာများသည် တပည့်ဘဝ ကောင်းစားရေး၊ ထူးချွန်ထက်မြက်ရေး၊ တိုးတက်ရေးအတွက် ဓားနှင့်ဓားသွေးကျောက်ပမာ အမြဲထိတွေ့၍ အသွားထက်အောင် သွေးနေသင့်ပါသည်။

ဆရာဟူသည် ဖယောင်းတိုင်ကဲ့သို့ အလင်းရောင်ပေးပြီး ကုန်ဆုံးသွားခြင်းထက် ဆီမီးခွက်ကဲ့သို့ ကျင့်ကြံသင့်ပေသည်။ ဆီမီးခွက်တစ်ခွက်သည် တပည့်နှင့်တူသော ဆီမီးခွက်ပေါင်းတစ်ထောင်ကို အလင်းရောင်များ ကူးစက်ပြန့်ပွားအောင် စွမ်းဆောင်နိုင်ပေသည်။ ဆီမီးခွက်အား ဆီကုန်ခန်း၍ အမှောင်ကျမသွားစေရန် ဆီကို ထပ်ကာထပ်ကာ ဖြည့်ပေးရသလို ဆရာသည်လည်း လောက အမှောင်အား အလင်းရောင်ပေးနိုင်ရန် စာပေများကိုဖတ်ရှုလေ့လာခြင်းဖြင့် မိမိအရည်အသွေးကို မြှင့်တင်သင့်ပါသည်။ ယနေ့ခေတ်သည် ဒစ်ဂျစ်တယ်ခေတ်ဖြစ်၍ အွန်လိုင်းအင်တာနက် စာမျက်နှာများတွင် ကလေးများအတွက် သုတမျိုးစုံကို လေ့လာသင်ယူနိုင်ပေသည်။ ယခုခေတ် ပညာရေးစနစ်သစ်သည် ယခင်စနစ်ဟောင်းကဲ့သို့ ဆရာကို ဗဟိုပြုသင်ကြားခြင်းမဟုတ်ဘဲ ကျောင်းသားဗဟိုပြုသင်ကြားခြင်းဖြစ်ရာ ဆရာသည် တပည့်များထက် ခေါင်းတစ်လုံးသာနေရန်အတွက် စာပေများစွာကိုလေ့လာဖတ်ရှုသင့်ပါသည်။

မိမိတို့ထက် လက်စောင်းထက်သော တပည့်များကိုလည်း မွေးထုတ်သင့်ပါသည်။ စဉ်းစားတွေးခေါ်တတ်သော၊ တီထွင်မှုစွမ်းရည်မြင့်မားသော ကိုယ်တိုင်လက်တွေ့ ပါဝင်လုပ်ဆောင်တတ်သော ထူးချွန်ထက်မြက်သည့် တပည့်ကောင်းများဖြစ်လာစေရန် သင်ရိုးသစ်နည်းလမ်းများကို စနစ်တကျ လေ့လာသင်ကြားပေးခြင်းဖြင့် လမ်းဟောင်းမှ ဖောက်ထွက်ကာ ပို၍ကောင်းမွန်သော လမ်းသစ်ကို ညွှန်၍လျှောက်သင့်ပါသည်။ ကလေးများကို အလွတ်ကျက်မှတ်ခြင်းထက် ကိုယ်ပိုင်စဉ်းစားတွေးခေါ်ခွင့်၊ ကိုယ်တိုင်ရွေးချယ်ခွင့်များ ပေးရပါမည်။ ကလေးများ၏အတွေးများကို ဖော်ထုတ်ခွင့်ပြုခြင်းဖြင့် ကလေး၏ဉာဏ်ရည်ကို မြှင့်တင်ပေးရပါမည်။

ဆရာသည် တပည့်များကို အမုန်းခံကာ ချော့တစ်ခါ ခြောက်တလှည့်ဖြင့် (ကာယ၊ ဉာဏ၊ စာရိတ္တ၊ ဘောဂ၊ မိတ္တ) ဟူသော ဗလငါးတန်ဖွံ့ဖြိုးစေရန် နည်းပေးလမ်းပြသူ၊ စွမ်းဆောင်နိုင်သူဖြစ်အောင် ကြိုးစားပေးသင့်ပါသည်။ ဆီးဖြူသီးသည် စားခါစတွင် ခါးသက်သက်နှင့် ချဉ်သလိုရှိသော်လည်း ခဏအကြာတွင် ချိုမြိန်လာတတ်ပါသည်။ ထို့ကြောင့် တပည့်များကို ဆုံးမသွန်သင်နေချိန်၌ စကားလုံးများသည် ရင့်သီးကြမ်းတမ်းမှုများ ဖြစ်တတ်သော်လည်း တပည့်ဘဝချိုမြိန်လာစေဖို့ ရည်ရွယ်ချက်အပြည့်ရှိသည်ကို ငြင်းဖွယ်ရာ မရှိနိုင်ပေ။ ပစ္စုပ္ပန်၌ ခါးသီး သော စည်းကမ်းများသည် ချိုမြိန်သော အနာဂတ်ကိုဖြစ်ပေါ်စေပါသည်။ ဆရာသည် ရေနှင့်တူသည်ဆိုလျှင်တပည့်သည် ကြာပန်းကလေးများပင်ဖြစ်ပါသည်။

မြန်မာနိုင်ငံကြီး ခေတ်နှင့်အညီဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆရာများသည် အင်တာနက်စာမျက်နှာများမှ ရှာဖွေလေ့လာပြီး ကလေးများ၏ အနာဂတ်စာမျက်နှာကို ကိုယ်တိုင်ဖွင့်လှစ်ပေးသင့်ပေသည်။

လမင်းကြီးသည် တစ်လောကလုံးရှိ လူသားများကိုအေးမြသော အလင်းရောင်များပေးစွမ်းနိုင်သလို ဆရာသည်လည်း တပည့်ပေါင်းများစွာကို အလင်းရောင်ပေးစွမ်း နိုင်သူဖြစ်ပါသည်။ ထို့ကြောင့် အပြစ်ကင်းသော ပညာနှင့်အသက်မွေးသော လောကအလင်းဆောင်နိုင်သူဆရာများ ဖြစ်နိုင်ကြပါစေလို့ ဆန္ဒပြုရေးသားလိုက်ရပါသည်။

မြပုလဲ (တပ်ကုန်း)

နေ့စဉ်ထုတ် ကြေးမုံသတင်းစာ မျုးဆက်သစ်ရင်ပြင်ကဏ္ဍမှ ကူးယူဖော်ပြပါသည်။