နတ်တလင်း ၁၆ ဖေဖော်ဝါရီ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် တာပွန်မြို့ တိလောကမာရဇိန် ရွှေသာလျောင်း ဘုရားကြီးအတွင်း၌ ဖေဖော်ဝါရီ ၁၆ ရက် မွန်းလွဲ ၁ နာရီတွင် ကျန်းမာရေးအတွက် သိကောင်စရာများနှင့် အနာကြီးရောဂါ (Leprosy) အကြောင်း ပညာပေးဟောပွဲ၊ အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် တောင်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး ဒေါက်တာလတ်သူသူကျော် (ပြည်ခရိုင် တီဘီနှင့် အနာကြီးရောဂါ စောင့်ရှောက်ရေးအဖွဲ့ ခေါင်းဆောင်)မှ အနာကြီးရောဂါသည် တခြားကူးစက်ရောဂါများကဲ့သို့ ပိုးကြောင့်ဖြစ်ကြောင်း၊ ဆေးမကုရသေးသည့် လူနာထံမှတစ်ဆင့် ကူးစက်တတ်ကြောင်း၊ လူမျိုးမရွေး ဘာသာမရွေး ဆင်းရဲချမ်းသာမရွေး ကျား/မကြီးငယ်မရွေး ရာသီဥတုမရွေး လူသားတိုင်းဖြစ်နိုင်ကြောင်း၊ ဖြစ်ခါစလက္ခဏာသည် ခန္ဓာကိုယ်မည်သည့်နေရာမဆို အကွက်ထွက်၍ ထုံနေကြောင်း၊ ထုံသောအကွက်များရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ပြသကြရန်လိုကြောင်း၊ အနာကြီးရောဂါသည် အခြားရောဂါများလို ကာကွယ်ဆေးမရှိကြောင်း၊ ဖြစ်ပေါ်လာပါက ကုသလို့ရနိုင်ကြောင်း စသည်ဖြင့် မဖြစ်ပေါ်စေရန် ရှောင်ရမည့်အချက်များအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြည်ခရိုင် အနာကြီးရောဂါ စောင့်ရှောက်ရေးတာဝန်ခံ ဆရာဦးစိုးနိုင်၊ တာပွန်တိုက်နယ် ကျန်းမာရေးဌာန တာဝန်ခံကြီးကြပ်(၁) ဆရာအောင်မြင့်ထွန်း၊ မြို့နယ်ကျန်းမာရေးမှူး ဆရာအောင်ကိုမင်းတို့က ကျန်းမာရေးအသိပညာပေး ဟောပြောကြသည်။ ထို့နောက် တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားသည်။

ဟောပြောပွဲအပြီးတွက် မြို့နယ်ခံတွင်းနှင့် သွားဆရာဝန် ဒေါက်တာဖြိုးထက်မှ ခံတွင်းနှင့် သွားရောဂါပြသသူများအား စစ်ဆေးကုသပေးခြင်း၊ အခြားရောဂါများအား ကုသပေးခြင်းများ ဆောင်ရွက်ကြသည်။

တင်မြင့် (နတ်တလင်း)