မန္တလေး ၂၇ ဖေဖော်ဝါရီ
မန္တလေးတိုင်းဒေသကြီး အတွင်းရှိ အနေကြာ မြေကွက်များအား မြေငှားဂရန် အသစ်များ တိုးချဲ့ချထားပေးနိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့် မွေးမြုရေးဝန်ကြီး ဒေါက်တာစိုးသန်း က ပြောသည်။
မန္တလေးတိုင်းဒေသကြီး အတွင်းရှိ (ပြည်ထောင်စုနယ်မြေမှအပ) ကျန်မြို့နယ်များ အားလုံး၏ မြို့ပေါ်ရှိအနေကြာမြေကွက်များအား မြေငှားဂရန်အသစ်များ တိုးချဲ့ ချထားပေးနိုင်ရေးအတွက် အစီအစဉ်များ ချမှတ်ပြီး အကောင်အထည် ဖော်ပေးပါရန် တိုက်တွန်းကြောင်းအဆိုကို ယနေ့ကျင်းပသည့် မန္တလေးတိုင်း ဒေသကြီးလွှတ်တော်တွင် အတည်ပြုခဲ့သည်။
"စီမံချက်ချ ဆောင်ရွက်ဖို့လိုတာ မှန်ပေမယ့် ဝန်ထမ်းအခက်အခဲ၊ ရန်ပုံငွေ အခက်ခဲကြောင့် တိုင်းတစ်ခုလုံးကို တစ်ပြိုင်နက် ဆောင်ရွက်လို့မရပါဘူး။ ပြည်သူများရဲ့ ပိုင်ဆိုင်မှု အထောက်အထားတွေ ခိုင်မာစွာရရှိဖို့ လွှတ်တော်ကိုယ်စားလှယ်တွေက ကူညီဆောင်ရွက်ပြီး ကိုယ်စားလှယ်ကြီးများ တင်ပြလာတဲ့ မြို့နယ်တွေကို ပေါင်းစပ်ဆွေးနွေးပြီး တစ်မြို့နယ်ခြင်း ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ ဦးစားပေးအဆင့် သတ်မှတ်ပြီး ဆောင်ရွက်သွားမှာပါ'' ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့် မွေးမြုရေးဝန်ကြီး ဒေါက်တာစိုးသန်း ကပြောသည်။
မန္တလေးတိုင်းဒေသကြီး အတွင်းရှိ (ပြည်ထောင်စုနယ်မြေမှအပ) ကျန်မြို့နယ်များ အားလုံး၏ မြို့ပေါ်ရှိ အနေကြာမြေကွက်များအား မြေငှားဂရန်အသစ်များ တိုးချဲ့ချထားပေးနိုင်ရေးအတွက် အစီအစဉ်များ ချမှတ်ပြီး အကောင်အထည် ဖော်ပေးပါရန် တိုက်တွန်းကြောင်းအဆိုကို ချမ်းမြသာစည်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ဦးတင်အောင် တင်သွင်းခဲ့ ခြင်းဖြစ်သည်။
အဆိုနှင့်ပတ်သက်ပြီး ယနေ့ ကျင်းပသည့် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ၉ ဦးက ထောက်ခံ ဆွေးနွေးခဲ့သည်။
"မန္တလေးတိုင်းဒေသကြီးရှိ မြို့ပြတိုင်းမှာ အဓိက ကြုံတွေ့ရတဲ့ ပြသနာဖြစ်ပါတယ်။ ပြည်သူများအနေဖြင့် မြေငှားဂရန် လုပ်ဆောင်ရန် ရုံးကိစ္စလုပ်ငန်းများ ကြန့်ကြာခြင်း၊ အနေကြာနေသော်လည်း လျှောက်ထားခြင်းမရှိပဲ ဥပဒေကို နားမလည်ခြင်း၊ ဥပဒေကို နားလည်သော်လည်း မြေစာရင်းဦးစီးဌာနတွင် ပုံစံ ၁၀၅၊ ၁၀၆ တောင်းခြင်း ထောက်ခံချက်များတောင်းခြင်း၊ ကွင်းဆင်းရန်စောင့်ဆိုင်းရခြင်း၊ စာဝင်စာထွက် ထက်ဆင့် တင်ပြမေးမြန်းခြင်း စသည့် ခက်ခဲလှသည့် ကြိုးနီစနစ်များကြောင့် မလုပ်ကြတာတွေ့ရတယ်'' ဟု ပြင်ဦးလွင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁)မှ ဦးအောင်မင်းက ဆွေးနွေးခဲ့သည်။
မန္တလေးတိုင်း အတွင်းရှိ အနေကြာမြေဂရန်များအား စနစ်တကျ အစီအမံများ ချမှတ်ကာ ဆောင်ရွက်မည်ဖြစ်ကြောင်း သက်ဆိုင်ရာ ဒေသမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပူးပေါင်းကာ ဦးစားပေးအဆင့်များ သတ်မှတ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
အိမို့မို့ခိုင်


