ဂျကာတာ ဒီဇင်ဘာ ၉
ဒီဇင်ဘာ ၃ ရက်မှစကာ အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ် ဆူကာဘူမိဒေသ၌ ဖြစ်ပွားခဲ့သည့် ရာသီဥတုဆိုင်ရာဘေးအန္တရာယ်များကြောင့် လူ ၁၀ ခန့်သေဆုံးခဲ့ပြီး နှစ်ဦးပျောက်ဆုံး လျက်ရှိကြောင်း ပြည်နယ်သဘာဝ ဘေးအန္တရာယ် လျော့ပါးရေးဌာန က ဒီဇင်ဘာ ၉ ရက်က ပြောကြား လိုက်သည်။
ဆူကာဘူမိဒေသ သဘာဝဘေးအန္တရာယ် လျော့ပါးရေးဌာန ယာယီအကြီးအကဲ ဒီဒန်ဆန်ပီနာ၏ ပြောကြားချက်အရ ဒေသခွဲ ၄၀ ခန့်တွင် ရေကြီးခြင်း၊ လေပြင်း တိုက်ခတ်ခြင်း၊ မြေပြိုခြင်းများ ဖြစ်ပွားခဲ့ကြောင်းနှင့် မိသားစု ၉၀၀ ခန့် ယာယီနားခိုရာနေရာများကို ရှာဖွေခဲ့ကြောင်း သိရ သည်။
တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်သော ပူးတွဲကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့သည် ကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိပြီး ဆိုးရွားသော ရာသီဥတုကို အန်တုလျက် ပျောက်ဆုံးသူများကို ရှာဖွေလျက်ရှိသည်။
ဒီဇင်ဘာ ၉ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ ရေပိုင်နက်အနီး အပူပိုင်းမုန်တိုင်းနှစ်ခု ဖြစ်ပေါ်နေသည်ကို လေ့လာတွေ့ရှိပြီးနောက် ရာသီဥတုနှင့်ဆိုင်သော သဘာဝဘေးဒုက္ခများ ဖြစ်ပေါ်လာနိုင်ကြောင်း အင်ဒိုနီးရှားနိုင်ငံ၏ မိုးလေဝသ၊ ရာသီဥတုနှင့် ဘူမိရူပ ဌာနက ပြောကြားလိုက်သည်။
အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာနက ဖြစ်ပေါ်လာနိုင်သော သဘာဝ ဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်ရန် သက်ဆိုင်ရာ ပြည်နယ်အစိုးရကို တိုက်တွန်း ပြောကြားထားသည်။
ဆင်ဟွာ


