ဂျကာတာ  စက်တင်ဘာ ၂၉

အင်ဒိုနီးရှားနိုင်ငံ ပါပူအာပြည်နယ် မီရော့ခီခရိုင် ဝါနန်တွင် စပါးစိုက်ခင်း ဧရိယာ ဟက်တာ ၄၈၁၀၀၀ ခန့်ကို စတင်စိုက်ပျိုးလျက်ရှိပြီး ယင်းဒေသအား အမျိုးသားစားနပ်ရိက္ခာ   မဟာဗျူဟာစီမံကိန်း၏ အချက်အချာအဖြစ် ပြောင်းလဲရန် ရည်မှန်းထားကြောင်း စားနပ်ရိက္ခာရေးရာ  ညှိနှိုင်းရေးဝန်ကြီး ဇူကစ်ဖ်လီဟာဆန်က   စက်တင်ဘာ ၂၉ ရက်တွင် ပြောကြားသည်။ 

အဆိုပါစီမံကိန်းသည် ဟက်တာတစ်သန်းခန့်ရှိ  စိုက်ပျိုးမြေများကိုဖော်ထုတ်ကာ ဆန်အပါအဝင်  အဓိကစားနပ်ရိက္ခာများ ထုတ်လုပ်ခြင်းအပြင် ကြံနှင့် စားအုန်းဆီမှ ဇီဝလောင်စာများကိုပါ ထုတ်လုပ်သွားရန်  မျှော်မှန်းထားကြောင်း ဂျကာတာတွင် ကျင်းပသော ညှိနှိုင်းအစည်းအဝေးအပြီး  သတင်းစာရှင်းလင်းပွဲတွင်  ဟာဆန်က ပြောကြားသည်။

ယင်းစီမံကိန်းသည်  ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေး ရည်မှန်းချက်များနှင့် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်အောင် ပံ့ပိုးမှုနှင့်အတူ စားနပ်ရိက္ခာဖူလုံရေးအစီအစဉ်ကို အထောက်အကူပြုမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားသည်။

အဆိုပါဖွံ့ဖြိုးရေးစီမံကိန်းမှတစ်ဆင့်  အင်ဒိုနီးရှားနိုင်ငံ၏ စားနပ်ရိက္ခာ၊ စွမ်းအင်နှင့် ရေဖူလုံရေးရရှိရန်  ကြိုးပမ်းဆောင်ရွက်မှု မှတ်တိုင်တစ်ခုအဖြစ် စိုက်ထူသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြား ားသည်။

ထို့ပြင် ဝန်ကြီးက စီမံကိန်းအကောင်အထည်ဖော်ရာတွင် အစိုးရအနေဖြင့် လုံခြုံရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးနှင့် မြေအသုံးချစီမံချက်များကို  ဦးစားပေးဆောင်ရွက်လျက်ရှိပြီး    ရေရှည်တွင် စီမံကိန်း၏ ထိရောက်မှုနှင့်  ခံနိုင်ရည်ရှိမှု ရရှိစေရန်အတွက် မြေအသုံးချခွင့်များနှင့် အခြားခွင့်ပြုချက်များကို  အရှိန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း ဖြည့်စွက်ပြောကြားသည်။                     

ဆင်ဟွာ