ဂျကာတာ မေ ၁၈
အင်ဒိုနီးရှားနိုင်ငံ အရှေ့နူဆာတန် ဂါရာပြည်နယ်ရှိ လီဗိုတိုဘီ မီးတောင်သည် မေ ၁၈ ရက်တွင် အကြိမ်များစွာ ဆက်တိုက်ပေါက်ကွဲခဲ့သဖြင့် မီးတောင်နှင့် ဘူမိဗေဒ ဘေးအန္တရာယ် လျော့ပါးရေးဌာနက အမြင့်ဆုံး လေကြောင်းဆိုင်ရာ သတိပေးချက်ကို ထုတ်ပြန်လိုက်သည်။
အပြင်းထန်ဆုံး မီးတောင်ပေါက်ကွဲမှုသည် ဒေသစံတော်ချိန် ၂ နာရီ ၅ မိနစ်တွင် ဖြစ်ပွားခဲ့ပြီး မီးခိုးပြာမှုန့်များ ကောင်းကင်သို့ မီတာ ၆၀၀၀ အထိ ပျံ့လွင့်ခဲ့သည်။ အဆိုပါ မီးခိုးတိမ်တိုက်များသည် မီးတောင်ဝမှ မြောက်ဘက်၊ အရှေ့မြောက်ဘက်၊ အနောက်ဘက်နှင့် အနောက်မြောက်ဘက်အထိ ပျံ့နှံ့သွားသည်။
အာဏာပိုင်များက မီးတောင်စောင့်ကြည့်လေ့လာရေး သတိပေးချက်ကို အမြင့်ဆုံးအနီရောင်အဆင့်သို့ တိုးမြှင့်ထားပြီး မီးတောင်အနီး မီတာ ၆၀၀၀ အောက်ပျံသန်းခြင်းကို ရှောင်ရှားရန် လေကြောင်းလိုင်းများအား သတိပေးထားသည်။
အင်ဒိုနီးရှားအစိုးရက အနီးတစ်ဝိုက်ရှိ ရပ်ရွာများကို ကာကွယ်ရန်အတွက် မီးတောင်ဝအနီး ၆ ကီလိုမီတာ (၃ ဒသမ ၇ မိုင်) အတွင်း အန္တရာယ်ဇုန်အဖြစ် သတ်မှတ်ခဲ့ပြီး ခရီးသွားများနှင့် ဧည့်သည်များ ဝင်ရောက်ခြင်းကို တားမြစ်ထားသည်။
မီးတောင်ခြေရှိ နေထိုင်သူများကို မိုးသည်းထန်ပါက ဖြစ်ပေါ်နိုင်သော မီးတောင်ရွှံ့စေးလှိုင်းများ အန္တရာယ် သတိပေးချက် ထုတ်ပြန်ထားသည်။ ထို့အတူ မီးခိုးမြူ ကျရောက်နိုင်သည့် ဒေသများတွင် နေထိုင်သူများအား အသက်ရှူ လမ်းကြောင်းဆိုင်ရာ အန္တရာယ် ကာကွယ်ရန် နှာခေါင်းစည်းများ တပ်ဆင်ရန် အကြံပြုထားသည်။ အမြင့် ၁၅၈၄ မီတာ (၅၁၉၇ ပေ) ရှိ လီဗိုတိုဘီမီးတောင်သည် အင်ဒိုနီးရှားနိုင်ငံရှိ အသက်ဝင် မီးတောင် ၁၂၇ လုံးအနက်မှ တစ်ခု အပါအဝင် ဖြစ်သည်။
အလားတူ အင်ဒိုနီးရှားနိုင်ငံ အနောက်ပါပူဝါပြည်နယ်တွင် ရေကြီးမြေပြိုမှုများ ဖြစ်ပွားပြီးနောက် လူတစ်ဦးသေဆုံးကာ ၁၉ ဦးထက်မနည်း ပျောက်ဆုံးနေပြီး လေးဦးဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ကယ်ဆယ်ရေး သမား တစ်ဦးက မေ ၁၈ ရက်တွင် ပြောကြားသည်။
ဆင်ဟွာ


