ဂျကာတာ စက်တင်ဘာ ၃၀
အင်ဒိုနီးရှားနိုင်ငံသည် များပြားလာသော စွန့်ပစ်ပစ္စည်းပြဿနာကို ဖြေရှင်းဆောင်ရွက်ရန်၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို မြှင့်တင်ရန် ကြိုးပမ်းအားထုတ်မှုတစ်စိတ်တစ်ပိုင်းအနေဖြင့် အောက်တိုဘာလနှောင်းပိုင်း၌ စွန့်ပစ်ပစ္စည်းမှ စွမ်းအင်ထုတ်လုပ်သည့် (ဒဗလျူတီအီး) စီမံကိန်းများကို စတင်အကောင်အထည်ဖော် ဆောင်ရွက်တော့မည်ဖြစ်ကြောင်း နိုင်ငံတော်ရန်ပုံငွေ အဖွဲ့ ဒါနန်တာရာက စက်တင်ဘာ ၃၀ ရက်တွင် ပြောသည်။
နိုင်ငံတော်ရင်းနှီးမြှုပ်နှံမှုအေဂျင်စီအဖွဲ့ အကြီးအကဲဖြစ်သူ ရိုဆန်ရိုးစလာနီက ပထမအဆင့်တွင် ဒဗလျူတီအီးစက်ရုံ ရှစ်ရုံကို စတင်တည်ဆောက်သွားမည်ဖြစ်ကြောင်း ပြောသည်။ အင်ဒိုနီးရှားနိုင်ငံသည် နိုင်ငံတစ်ဝန်း ဒဗလျူတီအီးစက်ရုံ ၃၃ ရုံအထိ ဆောက်လုပ်သွားရန် ရည်ရွယ်ထားကြောင်း၊ စက်ရုံ တစ်ရုံစီတိုင်းက နေ့စဉ် စွန့်ပစ်ပစ္စည်း တန်ချိန် ၁၀၀၀ ကို စီမံခန့်ခွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။
အင်ဒိုနီးရှားနိုင်ငံသည် တစ်နှစ်ကို စွန့်ပစ်ပစ္စည်း တန်ချိန် ၃၅ သန်းဝန်းကျင်ထွက်ရှိပြီး လတ်တလောတွင် ၆၀ ရာခိုင်နှုန်းခန့်သာ စီမံခန့်ခွဲနိုင်သေးကြောင်း ရိုဆန်က ပြောသည်။ ဒဗလျူတီအီးစီမံကိန်း သည် အင်ဒိုနီးရှားနိုင်ငံ၏ စွန့်ပစ်ပစ္စည်းပြဿနာကို ကာလရှည် ဖြေရှင်းဆောင်ရွက်ပေးနိုင်မည်ဟု မျှော်လင့်ရသည်။ ရိုဆန်၏ ပြောကြားချက်အရ ဒဗလျူတီအီးစီမံကိန်းများက နိုင်ငံတော်၏ ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှုကို ၈၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်မည်ဟု မျှော်လင့်ရ ကြောင်း၊ စက်ရုံတစ်ရုံချင်းစီကနေ လျှပ်စစ်စွမ်းအင်ကို ၁၅ မဂ္ဂါဝပ်နီးပါး ထုတ်လုပ်နိုင်မည်ဖြစ်ပြီး မြေနေရာအသုံးပြုမှုကို ၉၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ


