ဂျကာတာ ဩဂုတ် ၂၇
အင်ဒိုနီးရှားနိုင်ငံသည် ခွေးရူးပြန် ရောဂါကူးစက်ဖြစ်ပွားသူ ရာနှင့်ချီရှိလာပြီးနောက် ဒေသအများအပြားတွင် ခွေးရူးပြန်ရောဂါကာကွယ်ဆေးထိုးနှံရေး လှုပ်ရှားမှုများကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိကြောင်း ဒေသမီဒီယာ၏ ဖော်ပြချက်အရ သိရသည်။
မြောက်ဆူမားတြားပြည်နယ် တိုဘာဒေသ၌ ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လကြားတွင် ခွေးရူးကိုက်ခံရမှု စံချိန်တင် ၅၁၉ ဦးအထိ ရှိလာကြောင်း ဒေသဆိုင်ရာ ကျန်းမာရေးအေဂျင်စီက ဖော်ပြသော အချက်အလက်များအရ သိရသည်။ တိုဘာကျန်းမာရေးရုံး ၏ လူ့စွမ်းအားအရင်းအမြစ်နှင့် ကာကွယ်ဆေးထိုးနှံရေးဆိုင်ရာ ဌာနအကြီးအကဲ မန်ဂါပူးလ်ပါဒီဒီက ၎င်း၏အဖွဲ့သည် ခွေးရူးကိုက်ခံရသူများကို စောင့်ကြည့်လျက်ရှိကြောင်းနှင့် ကာကွယ်ဆေးများ အလုံအလောက် ရရှိရေးအတွက်လည်း ဆောင်ရွက်နေကြောင်း ပြောသည်။
လတ်တလောတွင် ခွေးရူးပြန်ကာကွယ်ဆေး လက်ကျန် ၁၇၈ ပုလင်းသာရှိကြောင်း၊ ယင်းသည် ဩဂုတ်လအတွက် လုံလောက်သော်လည်း ရောဂါဖြစ်ပွားမှုများ ဆက်လက်မြင့်တက်လာလျှင် လုံလောက်မှုရှိတော့မည်မဟုတ်ကြောင်း ၎င်းက ဩဂုတ် ၂၆ ရက်တွင် ပြောသည်။
ရီအောဝ်ပြည်နယ် ပီကန်ဘာရူးမြို့ရှိ ဒေသဆိုင်ရာ စိုက်ပျိုးရေးနှင့် ငါးလုပ်ငန်းအေဂျင်စီက ခွေးရူးပြန်ရောဂါရှိသည့် ခွေးတစ်ကောင်၏တိုက်ခိုက်ခြင်းကို လူအများအပြားခံရပြီးနောက် ခွေးနှင့် ကြောင်များအပါအဝင် အိမ်မွေးတိရစ္ဆာန် ရာချီကို ခွေးရူးပြန်ကာကွယ်ဆေး အစုလိုက်အပြုံလိုက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဆင်ဟွာ


