စက်တင်ဘာ ၂၆
အင်ဒိုနီးရှားနိုင်ငံတွင် စာသင်ကျောင်းကကျွေးမွေးသောနေ့လည်စာကြောင့် ကလေးငယ် ၁၀၀၀ ကျော် အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။
အနောက်ဂျာဗားပြည်နယ်ရှိ နေရာ လေးခုတွင် လွန်ခဲ့သော သီတင်းပတ်မှစတင်ကာ အစာအဆိပ်သင့်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အစားအသောက်ပြင်ဆင်သည့် မီးဖိုချောင် ၈၀ ကျော်ကို ယာယီပိတ်ထားခဲ့သည်ဟု သိရသည်။
သမ္မတပရာဘိုဝို၏ ဇန်နဝါရီလက စတင်ခဲ့သောအခမဲ့အစားအစာပရိုဂရမ်မှ နိုင်ငံတစ်ဝန်းရှိ ကျောင်းသား ၆၄၀၀ ထက်မနည်း အစာအဆိပ်သင့်မှု ခံစားခဲ့ကြောင်း ဒေသတွင်း မီဒီယာက ဖော်ပြထားသည်။
ပရာဘိုဝိုသည် ယခုနှစ်ကုန်ပိုင်းအထိ ထိုပရိုဂရမ်ဖြင့် လူပေါင်း ၈၂ ဒသမ ၉ သန်းကို ကျွေးမွေးသွားရန် ရည်မှန်းထားကြောင်း သိရသည်။
အဆိုပါပရိုဂရမ်အတွက် အစိုးရက နိုင်ငံတော်ဘတ်ဂျက်၏ ငါးရာခိုင်နှုန်းနီးပါးချထားပေးပြီး လာမည့်နှစ်တွင် အသုံးစရိတ်ကိုနှစ်ဆတိုးရန်စီစဉ်ထားသည်ဟု ဖော်ပြထားသည်။
အစာအဆိပ်သင့်မှုများဖြစ်ပွားမှုကြောင့် ထိုပရိုဂရမ်ကိုရပ်ဆိုင်းရန်တောင်းဆိုထားသည်ဟု သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


