ဒီဇင်ဘာ ၁၇
အင်ဒိုနီးရှားနိုင်ငံသည် လာမည့်နှစ်အစောပိုင်း မိုးရာသီမတိုင်မီ အပူပိုင်းဒေသစနစ်များစွာသည် ပတ်ဝန်းကျင်ရေပြင်များကို ထိခိုက်စေသဖြင့် မိုးသည်းထန်စွာရွာသွန်းမှုနှင့် ပင်လယ်ရေမျက်နှာပြင် မြင့်မားမှုအတွက် ရာသီဥတုသတိပေးချက် ထုတ်ပြန်ထားကြောင်း မိုးလေဝသ၊ ရာသီဥတုဗေဒနှင့် ဘူမိရူပဗေဒအေဂျင်စီ ဘီအမ်ကေဂျီ(BMKG) က ယမန်နေ့က ပြောကြားခဲ့သည်။
အဆင့်နှစ်အထိ ပိုမိုအားကောင်းလာသော အပူပိုင်းဆိုင်ကလုန်း ဘာကွန်သည် ဆူမားတြားရှိ လမ်ပွန်၏ အနောက်တောင်ဘက်နှင့် အင်ဒိုနီးရှားပိုင်နက်မှ ဝေးရာသို့ရွေ့လျားနေသော်လည်း ဆူမားတြား၏ အစိတ်အပိုင်းအချို့တွင် မိုးရွာသွန်းမှုပိုမိုများပြားနိုင်ကြောင်း ဘီအမ်ကေဂျီက ပြောကြားခဲ့သည်။ အရှေ့ဂျာဗားတောင်ဘက်ရှိ အပူပိုင်းဆိုင်ကလုန်း Seed 93S နှင့် တောင်ပါပူအာရှိ အာရာဖူရာပင်လယ်တွင် အပူပိုင်းဆိုင်ကလုန်း Seed 95S တို့သည် လေတိုက်နှုန်းနှင့် ပင်လယ်အခြေအနေများကို ပိုမိုအားကောင်းစေမည်ဟု မျှော်လင့်ရသည်။
ထိုစနစ်နှစ်ခုသည် ဗဟိုဂျာဗားကမ်းလွန်ရှိ တောင်ပိုင်းအိန္ဒိယသမုဒ္ဒရာနှင့် မာလူကူကမ်းလွန်ရှိ မြောက်ပိုင်းပစိဖိတ်ရေပြင်များတွင် လေးမီတာအမြင့်အထိ လှိုင်းလုံးများ ဖြစ်ပေါ်စေနိုင်ကြောင်း ဘီအမ်ကေဂျီ၏ ရေကြောင်းမိုးလေဝသဒါရိုက်တာ အီကိုပရာဆက်ယိုက ပြောကြားခဲ့သည်။
လာမည့်ရက်များတွင် ယင်းစနစ်များကို အနီးကပ်စောင့်ကြည့်သွားမည်ဖြစ်ပြီး ၎င်းဒေသ အထူးသဖြင့် ကမ်းရိုးတန်းဒေသများတွင် သတိဖြင့်နေထိုင်ကြရန် ဘီအမ်ကေဂျီက တိုက်တွန်းပြောကြားထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


