ဂျကာတာ စက်တင်ဘာ ၁၆
အင်ဒိုနီးရှားအစိုးရသည် နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အား ၁၀၀ ဂျီဂါဝပ်အထိ ထုတ်လွှတ်နိုင်မည့် ဆိုလာလျှပ်စစ်စက်ရုံများကို တည်ထောင်ရန် ဆောင်ရွက်နေကြောင်း အင်ဒိုနီးရှားနိုင်ငံ စွမ်းအင်နှင့် သတ္တုအရင်းအမြစ်ဝန်ကြီး ဗီလိုင်လာဟာဒါလီယာက စက်တင်ဘာ ၁၅ ရက်တွင် ပြောကြားသည်။ ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံရန် အခွင့်အရေးများရရှိမည်ဖြစ်သည်။
အဆိုပါဆောင်ရွက်ချက်သည် နိုင်ငံအတွင်း အမျိုးသားစွမ်းအင်အသွင်ကူးပြောင်းရေးကို မြှင့်တင် ခြင်းဖြစ်ကာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် ဆိုလာစွမ်းအင်အသုံးပြုမှုမြှင့်တင်ရေး အစိုးရ၏ ဆောင်ရွက်ချက်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။ နိုင်ငံအတွင်းရှိ ရွာတိုင်းတွင် လျှပ်စစ် ဓာတ်အား ၁ ဒသမ ၅ ဂျီဂါဝပ်ထုတ်မည့် ဆိုလာလျှပ်စစ်စက်ရုံများကို တည်ထောင်ရန် ဆောင်ရွက် ခြင်းဖြင့် အနာဂတ်ကာလတွင် လျှပ်စစ်ဓာတ်အား ၁၀၀ ဂျီဂါဝပ်အထိ ထုတ်လွှတ်နိုင်မည်ဟု ၎င်းက ထပ်လောင်းပြောကြားသည်။ အင်ဒိုနီးရှားနိုင်ငံ၏ လက်ရှိ နှစ်စဉ်လျှပ်စစ် ဓာတ်အားထုတ်လွှတ်မှု သည် လျာထားချက်ထက် လျော့နည်းနေသဖြင့် လျှပ်စစ်ဓာတ်အားထုတ်လွှတ်မှု ပမာဏများပြားစေရေးအတွက် ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများအား ဖိတ်ခေါ်ကာ ဆောင်ရွက်မည်ဟု သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


