ဝါရှင်တန်ဒီစီ စက်တင်ဘာ ၁၁
အင်္ဂါဂြိုဟ်ပေါ်မှ ဂြိုဟ်ဆင်းယာဉ်ဖြင့် စုဆောင်းရရှိသည့် ကျောက်တုံးနမူနာတစ်ခုကို ခွဲခြမ်းစိတ်ဖြာလေ့လာရာ ရှေးခေတ်အဏုဇီဝသက်ရှိများ၏ သက်သေအထောက်အထားများဟု ယူဆရသည့် လက္ခဏာများကို တွေ့ရှိခဲ့သည်ဟု အမေရိကန်အာကာသအေဂျင်စီ(နာဆာ)က စက်တင်ဘာ ၁၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
နာဆာနှင့် အခြားသောအဖွဲ့အစည်းမှ သုတေသန ပညာရှင်များပါဝင်သည့် အဖွဲ့သည် ၂၀၀၄ ခုနှစ် ဇူလိုင်လအတွင်းက ဂြိုဟ်ဆင်းယာဉ် စုဆောင်းရရှိခဲ့သည့် ကျောက်တုံးပေါ်၌ မီလီမီတာအရွယ်အစားရှိ အစက်အပြောက်များကိုတွေ့ရှိခဲ့ပြီး တစ်ချိန်က ရေရှိသည်ဟုယူဆရသောနေရာတွင် စူးစမ်းရှာဖွေခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
X–ray နှင့် UV-light ကိရိယာများကို အသုံးပြု၍ ခွဲခြမ်းစိတ်ဖြာကြည့်ရာ သံနှင့် ဆာလဖိုက်ဒြပ်ပေါင်းနှင့် အော်ဂဲနစ်ဒြပ်စင်များဟု ယူဆရသည့် အစက်အပြောက်များကို တွေ့ရှိခဲ့သည်ဟု အဆိုပါအဖွဲ့က ပြောသည်။
အဆိုပါဒြပ်ပေါင်းများကို အာဟာရအရင်းအမြစ်အဖြစ် အော်ဂဲနစ်ဒြပ်စင်များကို အသုံးပြုသည့် ကမ္ဘာပေါ်ရှိ အချို့သော အဏုဇီဝရုပ်များက ထုတ်လုပ်နိုင်သောကြောင့် အဏုဇီဝသက်ရှိများအတွက် အလားအလာရှိသော အမှတ်အသားဖြစ်ကြောင်း အဆိုပါအဖွဲ့က ပြောသည်။ ယင်းတွေ့ရှိချက်ကို သုတေသနပညာရှင်များက ဗြိတိန်သိပ္ပံဂျာနယ်တွင် ဖော်ပြခဲ့သည်။ အင်္ဂါဂြိုဟ်ပေါ်တွင် တွေ့ရှိဖူးသမျှထဲတွင် အထင်ရှားဆုံး သက်ရှိလက္ခဏာဖြစ်ကြောင်း နာဆာမှ ယာယီအုပ်ချုပ်ရေးမှူး ရှောင်ဒက်ဖီက ပြောသည်။
ယင်းနမူနာကို ကမ္ဘာမြေပေါ်သို့ ပြန်ယူဆောင်လာပြီး မားစ်ဂြိုဟ်ပေါ်တွင် တစ်ချိန်က သက်ရှိ ရှိ မရှိ အတည်ပြုရန် အဆင့်မြင့်ခွဲခြမ်းစိတ်ဖြာမှုပြုလုပ်ရန် လိုအပ်သည်ဟု သုတေသီများက ပြောသည်။
အင်န်အိတ်ချ်ကေ


