ညောင်ရွှေ စက်တင်ဘာ ၂၁
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် အင်းလေးဒေသ အတွင်း မှီတင်းနေထိုင်ကြသော အင်းသားတိုင်းရင်းသားတို့၏ တစ်မူထူးခြားသည့် ခြေထောက်နှင့် လှေလှော်ခြင်း ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်ကို ဖော်ထုတ်၍ ရေရှည်တည်တံ့ခိုင်မြဲစေရန်၊ တိုင်းရင်းသားတို့၏ ကြံ့ခိုင်မှု၊ စည်းလုံးညီညွတ်မှုနှင့် အားမာန်ကို ပြသရန်၊ အင်းလေးဒေသ၏ ခရီးသွားလုပ်ငန်းကို မြှင့်တင်နိုင်ရန်အတွက် အင်းသားရိုးရာလှေလှော်ပြိုင်ပွဲကို ယခုနှစ် သီတင်းကျွတ်ဖောင်တော်ဦးဘုရားပွဲတော်ကာလအတွင်း ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။
အင်းလေးဖောင်တော်ဦး မြတ်စွာဘုရားရုပ်ရှင်တော်မြတ်များသည် စက်တင်ဘာ ၂၂ ရက်မှ အောက်တိုဘာ ၉ ရက်အထိ အင်းလေးဒေသဝဲယာကို ဒေသစာရီကြွချီပူဇော်ခံမည်ဖြစ်ပြီး ဘုရားပွဲတော်ကာလအတွင်း အင်းသားတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအစဉ်အလာကို ထုတ်ဖော်ပြသသည့်အနေဖြင့် လှေလှော်ပြိုင်ပွဲကို ထည့်သွင်းကျင်းပရခြင်း ဖြစ်သည်။
လှေလှော်ပြိုင်ပွဲတွင် အမျိုးသားရာကျော်လှေ၊ အမျိုးသားလေးကျိပ်ခြောက်တက်လှေ၊ အမျိုးသမီး လေးကျိပ်ခြောက်တက်လှေ၊ ကျောင်းသားနှစ်ကျိပ်ခြောက်တက်လှေနှင့် တစ်ဦးချင်းလှေပြိုင်ပွဲ အမျိုးအစားများ ပါဝင်မည်ဖြစ်ပြီး စက်တင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းတွင် အင်းလေးကန်အတွင်းရှိ ရေလယ် ဧည့်ခန်းမဆောင်ရှေ့ ရေပြင်ကျယ်၌လည်းကောင်း၊ စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် ညောင်ရွှေမြို့ နန်းကပ်ချောင်းရေပြင်၌လည်းကောင်း၊ အောက်တိုဘာ ၈ ရက်နှင့် ၉ ရက်တို့တွင် ဖောင်တော်ဦးမြတ်စွာဘုရား သီတင်းသုံးရာရတနာစံကျောင်းတော်ရှေ့ ရေပြင်၌လည်းကောင်း စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
စိုင်းအယ်ဘဲ


