လက်ရှိအီတလီစီးရီးအေချန်ပီယံ နာပိုလီအသင်းဟာ အောက်တိုဘာ ၂၅ ရက်ညပိုင်းက အင်တာမီလန်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ အနိုင်ရရှိခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်ဆုံးကို တက်လှမ်းခွင့်ရရှိခဲ့ပါတယ်။

နာပိုလီအသင်းနဲ့ အင်တာမီလန်အသင်းတို့ပွဲစဉ်မှာ နာပိုလီအသင်းက သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး အဲဒီပွဲစဉ်မှာ နာပိုလီအသင်းအတွက် သွင်းဂိုးတွေကို ပထမပိုင်းပွဲကစားချိန် ၃၃ မိနစ်မှာ ဒီဘရိုင်းက ပင်နယ်တီကနေ တစ်ဂိုး၊ ၅၄ မိနစ်မှာ အမ်တွန်မီနေးက တစ်ဂိုးနဲ့ ၆၆ မိနစ်မှာ အန်ဂွစ်ဆာက တစ်ဂိုးသွင်းယူပေးခဲ့ကာ အင်တာမီလန်အသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကိုတော့ ၅၉ မိနစ်မှာ ကာဟာနော့ဂ်လူးက ပင်နယ်တီကနေတစ်ဆင့် သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အခုပွဲစဉ်မှာ နာပိုလီအသင်းအတွက် သွင်းဂိုးတစ်ဂိုးသွင်းယူပေးခဲ့တဲ့ အမ်တွန်မီနေးဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီကလည်း ရာသီအပိတ်ပွဲစဉ်မှာဂိုးသွင်းယူပေးခဲ့ပြီး နာပိုလီအသင်းကို အီတလီစီးရီးအေဖလား လေးကြိမ်မြောက် ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘယ်လ်ဂျီယံကွင်းလယ်ကစားသမား ဒီဘရိုင်းကတော့ မန်စီးတီးအသင်းကနေ ပြောင်းရွှေ့လာခဲ့ပြီးနောက် နာပိုလီအသင်းနဲ့အတူ ရှစ်ပွဲမှာ လေးဂိုးသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

နာပိုလီအသင်းဟာ အင်တာမီလန်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် အီတလီစီးရီးအေပွဲစဉ်(၈) ယှဉ်ပြိုင်ကစားပြီးချိန်မှာ ရမှတ် ၁၈ မှတ်နဲ့ ဇယားထိပ်မှာ ဦးဆောင်နေပြီး အင်တာမီလန်အသင်းက ရမှတ် ၁၅ မှတ်နဲ့ အဆင့်(၄)နေရာမှာရပ်တည်နေတာ ဖြစ်ပါတယ်။

လက်ရှိချန်ပီယံ နာပိုလီအသင်းဟာ ဇယားထိပ်မှာဦးဆောင်နေပေမယ့် ရိုးမားအသင်း ပွဲစဉ်(၈)မှာ ဆာဆူအိုလိုအသင်းကို အနိုင်ရရှိခဲ့မယ်ဆိုရင် နာပိုလီအသင်းနဲ့ ရမှတ်တူအနေအထားကို ရောက်ရှိလာမှာဖြစ်ပါတယ်။

ငွေကြယ် - ရေးသားသည်