နေပြည်တော် ဒီဇင်ဘာ ၁၁

 

အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကြီးကြပ်မှုဗဟိုကော်မတီ အစည်းအဝေး (၁/၂၀၂၅) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပရာ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဥက္ကဋ္ဌ(၁) နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ဗဟိုကော်မတီအဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးများ တက်ရောက်ကြပြီး ဗဟိုကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် တိုင်းဒေသကြီး၊ ပြည်နယ်များမှဝန်ကြီးချုပ်များနှင့် တိုင်းစစ်ဌာနချုပ် တိုင်းမှူးများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများကို နယ်စပ်ဒေသများတွင် အမြစ်ပြတ်ရှင်းလင်းရန်၊ ထိုမှတစ်ဆင့် ပြည်တွင်းအထိ ပျံ့နှံ့ရောက်ရှိမလာစေရန်၊ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများကို နိုင်ငံတော်အကြီးအကဲ၏ မူဝါဒနှင့်အညီ ထိထိရောက်ရောက် အမြစ်ပြတ်နှိမ်နင်းရန်အတွက် အဓိက Focal ဆောင်ရွက်မည့် ကြီးကြပ်ရေးအဖွဲ့ လိုအပ်သဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကြီးကြပ်မှု ဗဟိုကော်မတီကို အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၅၂/၂၀၂၅ ဖြင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်တွင် ဖွဲ့စည်းခဲ့ကြောင်း၊ ပြည်ထောင်စုနယ်မြေ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကော်မတီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်း ကစားမှုများ တိုက်ဖျက်ရေးကော်မတီများကို ဆက်လက် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း။

 

အကောင်အထည်ဖော် ဆောင်ရွက်ရန် အဆင်သင့်ရှိ

မြန်မာနိုင်ငံ၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း National Anti-Scam Centre တည်ထောင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် ဆိုက်ဘာလုံခြုံရေးဥပဒေကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ပြဋ္ဌာန်းခဲ့ပြီး ဇူလိုင် ၃၀ ရက်မှစတင်၍ အာဏာတည်ခဲ့ပြီးဖြစ်ကြောင်း၊ ယခုအခါ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေး ကြီးကြပ်မှုဗဟိုကော်မတီကို ဖွဲ့စည်းပြီးဖြစ်သည့်အတွက် မိမိတို့နိုင်ငံအနေဖြင့် ပြည့်စုံသော အဖွဲ့အစည်းတစ်ရပ်အဖြစ် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် အဆင်သင့်ရှိပြီဖြစ်ကြောင်း။

 

ဗဟိုကော်မတီ၏ အဓိကလုပ်ငန်းတာဝန်များအနေဖြင့် နိုင်ငံတော်အဆင့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးမဟာ ဗျူဟာများ၊ မူဝါဒများနှင့်လုပ်ထုံးလုပ်နည်းများကို ရေးဆွဲချမှတ်ခြင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဗဟိုဘဏ်၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့နှင့် အခြားသက်ဆိုင်ရာ အဖွဲ့အစည်း များအကြား လုပ်ငန်းများပေါင်းစပ် ညှိနှိုင်းဆောင်ရွက်စေခြင်း၊ လိမ်လည်မှု တိုက်ဖျက်ရေး လုပ်ငန်းများအတွက် လိုအပ်သော လူအင်အား၊ နည်းပညာနှင့် ဘဏ္ဍာငွေများကို စနစ်တကျ ခွဲဝေချထားခြင်းနှင့် စီမံခန့်ခွဲခြင်း၊ နိုင်ငံတကာနှင့် ပြည်တွင်းရှိ အွန်လိုင်းလိမ်လည်မှု ကွန်ရက်များ၏ သတင်းအချက်အလက်များကို စုဆောင်း၊ စိစစ်၊ လေ့လာ ဆန်းစစ်ပြီး သက်ဆိုင်ရာအဖွဲ့ အစည်းများသို့ ဖြန့်ဝေပေးခြင်း၊ လိမ်လည်မှု ကျူးလွန်သူများ၊ Scam Centre များကို ဖော်ထုတ် ဖမ်းဆီး၍ ဥပဒေနှင့်အညီ တရားစွဲဆိုနိုင်ရေး ဦးဆောင်လုပ်ကိုင်ခြင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာမှ တာဝန်ရှိအဖွဲ့အစည်းများဖြစ်သည့် INTERPOL၊ ASEANAPOL စသည်တို့နှင့်ပူးပေါင်း၍ နယ်စပ်ဖြတ်ကျော် လိမ်လည်မှုများကို တိုက်ဖျက်ခြင်း၊ လိမ်လည်မှုမှ ရရှိသော ငွေကြေးများနှင့် ပိုင်ဆိုင်မှုများကို ခြေရာခံ၍ သိမ်းဆည်းထိန်းချုပ်နိုင်ရေး ဆောင်ရွက်ခြင်း၊ ပြည်သူလူထုအား အွန်လိုင်းလိမ်လည်မှု ပုံစံအမျိုးမျိုး၊ အန္တရာယ်များနှင့် ကာကွယ်နိုင်မည့်နည်းလမ်းများကို အချိန်နှင့် တစ်ပြေးညီ အသိပညာပေးခြင်း၊ လိမ်လည်ခံရသူများ၏ တိုင်ကြာ ချက်များကိုလက်ခံ၍ သက်ဆိုင်ရာ ဌာနများမှတစ်ဆင့် အကူအညီများပေးနိုင်ရန် ညွှန်ကြားဆောင်ရွက်ခြင်း၊ မိုဘိုင်းအော်ပရေတာများ၊ အင်တာနက်ဝန်ဆောင်မှုပေးသူများနှင့်ပူးပေါင်း၍ လိမ်လည်ရန် အသုံးပြုသော တယ်လီဖုန်း နံပါတ်များ၊ ဝက်ဘ်ဆိုက်များနှင့် အကောင့်များကို ပိတ်ဆို့တားဆီးခြင်း၊ Scam Centre များတွင် အဓမ္မခိုင်းစေခံရသော၊ ပိတ်မိနေသော နိုင်ငံသားများနှင့် နိုင်ငံခြားသားများကို ကယ်ဆယ်ရန် အစီအစဉ်များချမှတ်၍ ညှိနှိုင်းဆောင်ရွက်ခြင်း၊ ကယ်ဆယ်ရရှိသူများအား သက်ဆိုင်ရာနိုင်ငံများသို့ လုံခြုံစွာ ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများ၊ သံရုံးများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ လူကုန်ကူးမှု၊ အတင်းအဓမ္မခိုင်းစေမှုများ ကျူးလွန်သည့် လိမ်လည်မှု ခေါင်းဆောင်များကို ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဦးဆောင်ခြင်းစသည့် လုပ်ငန်းစဉ်များကို လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း။

 

ပြန်လည်လွှဲပြောင်းပေးနိုင်

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေသူများအပါအဝင် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုလုပ်ငန်း လုပ်ကိုင်သည့် နေရာများအား ဖော်ထုတ်အရေးယူဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့၌ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၅ ရက်မှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်အထိ နိုင်ငံခြားသား ၇၀၀၁၆ ဦးကို စိစစ်တွေ့ရှိခဲ့ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးနိုင်ခဲ့ကြောင်း။

 

ကရင်ပြည်နယ်အတွင်း ကူညီကယ်တင်နိုင်ခဲ့သည့် နိုင်ငံခြားသားများ၏ ထွက်ဆိုချက်များအရ ထိုင်းနိုင်ငံသို့ လေကြောင်းခရီးဖြင့် ဝင်ရောက်၍ ဗန်ကောက်မြို့မှ မဲဆောက်မြို့သို့ မော်တော်ယာဉ်၊ လေယာဉ်တို့ဖြင့် သွားရောက်ခြင်း၊ မဲဆောက်မြို့မှတစ်ဆင့် သောင်ရင်းမြစ်အား တရားမဝင် ဖြတ်ကူး၍ ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းရှိ ကုမ္ပဏီများသို့ သွားရောက်ခြင်း၊ တရားဝင်ဗီဇာဖြင့် မြန်မာနိုင်ငံ ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိပြီး မော်တော်ယာဉ်ဖြင့် ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းရှိ ကုမ္ပဏီများသို့ သွားရောက်ခြင်း တို့ဖြစ်သည်ကို သိရှိရကြောင်း၊ ရာခိုင်နှုန်းအားဖြင့် မဲဆောက်ဘက်မှ ကူးလာသူ ၉၉ ဒသမ ၆ ရာခိုင်နှုန်းဖြစ်ပြီး ပြည်တွင်းလမ်းကြောင်းမှ သွားရောက်သူ သုည ဒသမ ၄ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ သက်ဆိုင်ရာ သံရုံးများအနေဖြင့် ၎င်းတို့နိုင်ငံသားများအား လူကုန်ကူးခံရသူများဖြစ်သည်ဟု ဖော်ပြ၍ အကူအညီတောင်းခံကြသော်လည်း စိစစ်တွေ့ရှိချက်အရ အချို့သည် လူကုန်ကူးခံရသူများ မဟုတ်ကြောင်း၊ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် လာရောက်အလုပ်လုပ်ကိုင်ကြသူ များဖြစ်ကြောင်း။

 

ယင်းရာဇဝတ်မှုများသည် မြန်မာနိုင်ငံ၏ နယ်မြေအတွင်း တည်ရှိနေခြင်းထက် ကွင်းဆက်များစွာဖြင့် လည်ပတ်နေသော စီးပွားရေးလုပ်ငန်းအဖြစ် ရှုမြင်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် Scam Centre တည်နေရာ ဖြစ်သော်လည်း ယင်းရာဇဝတ်မှု၏ အရင်းအမြစ်နှင့် အဓိက အကျိုးအမြတ်ရရှိသူ မဟုတ်ကြောင်း၊ ၎င်းလုပ်ငန်းအတွက် လူကုန်ကူး ခံရသူအားလုံးသည် မြန်မာနိုင်ငံသားများ မဟုတ်သလို လိမ်လည်မှုမှရရှိသော ငွေကြေးအားလုံးသည်လည်း မြန်မာနိုင်ငံ၏ဘဏ်စနစ်အတွင်း ရောက်ရှိလာခြင်းမရှိကြောင်း၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှု တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအရ နိုင်ငံတိုင်းသည် မိမိတို့နှင့်သက်ဆိုင်သော အစိတ်အပိုင်းအားလုံးကို တိုက်ဖျက်ရန် တာဝန်ရှိကြောင်း၊ အဆိုပါပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံတကာရာဇဝတ်မှု တိုက်ဖျက်ရေးစံနှုန်းများနှင့်အညီ နိုင်ငံတိုင်းသည် မိမိတို့၏ တာဝန်ကျရာကဏ္ဍကို အပြည့်အဝထမ်း ဆောင်ရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပဋိပက္ခဒေသများမှ လူကုန်ကူးခံရသူများကို ရှာဖွေကယ်ဆယ်နိုင်ခဲ့ပြီး ၎င်းတို့အား လုံခြုံစိတ်ချစွာ ဇာတိနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေးအတွက် သက်ဆိုင်ရာသံရုံးများ၊ အဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း။

 

နိုင်ငံတော်အနေဖြင့် နယ်စပ်ဒေသများတွင် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစား လုပ်ငန်းများ ပြန်လည်အခြေမချနိုင်ရန်အတွက် ယင်းနေရာများရှိ အဆောက်အအုံများအား ၁၀၀ ရာခိုင်နှုန်း ဖျက်ဆီးပိတ်သိမ်းသွားမည်ဖြစ်ကြောင်း၊ အဆိုပါနေရာများ၌ တည်ဆောက်ထားသည့် အဆောက်အအုံများအတွက် လိုအပ်သော အိမ်ဆောက်ပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လျှပ်စစ်မီး၊ စက်သုံးဆီ၊ အင်တာနက် စသည်တို့ကိုလည်း တစ်ဖက်နိုင်ငံမှ တစ်ဆင့်ရယူအသုံးပြုဆောင် ရွက်ခြင်းဖြစ်သည်ကို တွေ့ရှိရကြောင်း။

 

Scam Center များ လည်ပတ်ရန်အတွက် လိုအပ်သည့်ဝန်ထမ်းအင်အားကို တရားမဝင် နယ်စပ် လမ်းကြောင်းများမှတစ်ဆင့် လူကုန်ကူးခြင်းဖြင့် ရရှိနေခြင်း ဖြစ်ကြောင်း၊ တရားမဝင်နယ်စပ် ကုန်သွယ်ရေးသည် Scam Center များအတွက် ငွေကြေးခဝါချရန် လမ်းကြောင်းများ ဖန်တီးပေးနေ ခြင်းဖြစ်ကြောင်း၊ လူကုန်ကူးခံရ သူများအား သယ်ယူပို့ဆောင်ရန် လမ်းကြောင်းများကို ပံ့ပိုးပေးနေ ခြင်းဖြစ်ကြောင်း၊ ယင်းသို့ ဆက်စပ်မှုများကို ဖြတ်တောက် ရန်အတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး၊ နယ်စပ်ဒေသလုံခြုံ ရေးနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေး တို့ကို ပေါင်းစပ်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အွန်လိုင်းအသုံးပြုလိမ်လည်မှုနှင့် လောင်းကစားမှုတိုက်ဖျက် ရေးသည် အမျိုးသားရေးကိစ္စ ဖြစ်ပြီး မြန်မာနိုင်ငံနယ်စပ်တွင် ပေါ်ပေါက်လာသော အွန်လိုင်း ငွေကြေးလိမ်လည်မှု လုပ်ငန်း သည် နိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်နေခြင်းဖြစ်သလို ပြည်တွင်းလက်နက်ကိုင်သောင်း ကျန်းမှုများ၏ အရင်းအမြစ်တစ်ခု ဖြစ်သဖြင့် ပြတ်ပြတ်သားသား ချေမှုန်းဆောင်ရွက်နေကြောင်း၊ မြန်မာနိုင်ငံ၏ နယ်စပ်ဒေသအချို့ရှိ တရားဥပဒေစိုးမိုးနိုင်မှု ကင်းလွတ် နေသောနေရာများတွင် နိုင်ငံ တကာ ရာဇဝတ်ဂိုဏ်းများနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပူးပေါင်းဆောင် ရွက်နေခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ ပုံရိပ်ကို ထိခိုက်စေနိုင်သဖြင့် ပြတ်ပြတ်သားသားနှိမ်နင်းလျက် ရှိကြောင်း၊ ၎င်းလုပ်ငန်းတွင် ပါဝင် ပတ်သက်နေသည့် နိုင်ငံ ၅၄ နိုင်ငံ မှ နိုင်ငံခြားသား ၇၀၀၀၀ ကျော်ကို ရှာဖွေကယ်တင်ခြင်း၊ ဖမ်းဆီး ခြင်း၊ သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးခြင်းမှာ ကမ္ဘာ့အများဆုံး တရားခံလွှဲပြောင်းပေး မှုဖြစ်ကြောင်း၊ အွန်လိုင်းလိမ်လည် မှု၊ အွန်လိုင်းလောင်းကစားမှုနှင့် ဆက်စပ်ဖြစ်ပွားသော မှုခင်းများ သည် နိုင်ငံတကာရာဇဝတ်မှုခင်း များဖြစ်၍ နိုင်ငံတကာနှင့်အပြည့် အဝ ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ထို့နောက် အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှု၊ ယင်းတို့နှင့် ဆက်စပ်ဖြစ်ပွားသည့် ရာဇဝတ်မှုများအား တားဆီးနှိမ်နင်းရေး လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဒုတိယဥက္ကဋ္ဌ(၁)နှင့် ဗဟိုကော်မတီဝင်များက တင်ပြဆွေးနွေးကြပြီး ဗဟိုကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်