နေပြည်တော် နိုဝင်ဘာ ၁၉
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့-ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး(KK Park) နှင့် ကျောက်ခတ်နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် အိန္ဒိယနိုင်ငံသား ၁၂၅ ဦး အား မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်း များနှင့်အညီ ထပ်မံလွှဲပြောင်းပေးသည်။
မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေးဖော်ထုတ်လျက်ရှိရာ ကရင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်နှင့် တာဝန်ရှိသူများ၊ တပ်မတော်နှင့် BGF နယ်ခြားစောင့်တပ်များမှ တာဝန်ရှိသူများသည် နိုဝင်ဘာ ၁၈ ရက် နံနက် ၁၁ နာရီခွဲတွင် ရွှေကုက္ကိုလ်နယ်မြေအတွင်းသို့ ဝင်ရောက်ခဲ့ပြီးနောက် မွန်းလွဲ ၁ နာရီ မှ ညနေ ၆ နာရီထိ တိုက်အမှတ် ၀၈(၇ ထပ်အဆောက် အအုံ)သို့ ဝင်ရောက်စစ်ဆေးခဲ့ရာ ကွန်ပျူတာအလုံး ၈၀ ၊ မိုဘိုင်းဖုန်း အလုံး ၄၈၀၀ နှင့် တရားမဝင် ဝင်ရောက်နေသော ပြည်ပနိုင်ငံ သား ၆၅ ဦးတို့ကို လည်းကောင်း၊ တိုက်အမှတ် ၀၆(၇ ထပ်အဆောက်အအုံ)သို့ ဝင်ရောက်စစ်ဆေး ခဲ့ရာ ကွန်ပျူတာ ၇၃ လုံး၊ မိုဘိုင်းဖုန်း အလုံး ၆၅၀၀ နှင့် တရားမဝင် ဝင်ရောက်နေသော ပြည်ပနိုင်ငံသား ၇၅ ဦးတို့ကို လည်းကောင်း၊ ချန်စိမ်းတိုက် (၁၃ ထပ် အဆောက်အအုံ)သို့ ဝင်ရောက်စစ်ဆေးခဲ့ရာ ကွန်ပျူတာ ၁၆၁ လုံး၊ မိုဘိုင်းဖုန်းအလုံး ၇၅၀၀နှင့် တရားမဝင် ဝင်ရောက်နေသော ပြည်ပနိုင်ငံသား ၂၀၆ ဦးတို့ကိုလည်းကောင်း စစ်ဆေးတွေ့ရှိ ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။
ထိုသို့ ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည့် ပြည်ပနိုင်ငံသား ၃၄၆ ဦးကို မြဝတီမြို့နယ် ပူလွဲပူကျေးရွာအုပ်စု ရွှေကုက္ကိုလ်မြိုင်ကျေးရွာအတွင်း လုံထင်းဝင်းရှိ အဆောက်အအုံ၌ ထိန်းသိမ်းထားရှိပြီး တရားမဝင် ပြည်ပနိုင်ငံသား စစ်ဆေးရေးအဖွဲ့က စစ်ဆေးခဲ့ရာ ပြည်ပနိုင်ငံသား ၂၀၀ အား စစ်ဆေးနိုင်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များ၏ လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကရင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသူကျော်နှင့်တာဝန်ရှိသူများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကရင်ပြည်နယ် ညွှန်ကြားရေးမှူး ဦးကျော်မြင့်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်ပြီး နိုဝင်ဘာ ၁၉ ရက်တွင် ပြည်ပနိုင်ငံသားများ ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲ ကျင်းပရာ မြဝတီခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်နှင့် တာဝန်ရှိသူများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်ကျော်သန်းနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှ Counsellor Mr. Pranav Ganesh နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူတို့က သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများကို စနစ်တကျ လွှဲပြောင်းပေးအပ်သည်။
ဇန်နဝါရီ ၃၀ ရက်မှ နိုဝင်ဘာ ၁၉ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၁၁၈၆ ဦး ထိန်းသိမ်းနိုင်ခဲ့ကာ ၁၁၀၄၀ ဦးကို စစ်ဆေးခဲ့ပြီး ၎င်းတို့အနက်မှ ၉၉၇၈ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၂၀၈ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိကြောင်း သိရသည်။
နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများ နှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာညှိနှိုင်းဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
သတင်းစဉ်


