နေပြည်တော် စက်တင်ဘာ ၁၅ 

 

နိုင်ငံတော်အစိုးရက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ ဝိသမလောဘသားများအနေဖြင့် အကြမ်းဖက်အားပေး ပြည်ပြေးများနှင့်ပူးပေါင်းကာ အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်ခြင်း၊ တရားမဝင်ထီနှင့် တရားမဝင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းတို့ပြုလုပ်၍ အကြမ်းဖက်သမားများအား ထောက်ပံ့ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည့်အတွက် လုံခြုံရေး အဖွဲ့အစည်းများက ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ဆောင်ရွက်ခဲ့ရာ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၀ ရက်တွင် မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် ၁၁၂ လမ်း နှင့် ၅၄ x ၅၅ လမ်းကြား ထွန်တုံးရပ်ကွက်နေ စံထိုက်သီအထည်ချုပ်လုပ်ငန်း လုပ်ကိုင်နေကြသူ ပညာရေးဝန်ကြီးဌာနမှ DCS (သစ္စာမဲ့ဝန်ထမ်း) သီတာဇော် (ဘ) ဦးဇော်စိုး (၃၁) နှစ် နှင့် ဖြိုးမင်းစိုး (ဘ) ဦးဇော်စိုး (၃၅) နှစ် တို့ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် အမှတ် (၅/၅၈) ဂရုဏာ (၅) လမ်း ကြူစမ်းရွာသစ် ပြန်လည်နေရာချထားရေး ရပ်ကွက်နေ သန်းဇော်မိုး (ဘ) ဦးစိန်ရွှေ (၄၂) နှစ် ကိုလည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

 

ဖမ်းဆီးရမိတရားခံများအား စိစစ်ဖော်ထုတ်ချက်များအရ ၎င်းတို့သည် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်နှင့် ဆူပူအုံကြွမှုဖြစ်ပေါ်စေရန် Social Media များမှတစ်ဆင့် Post တင်ရေးသားခဲ့ခြင်း၊ နိုင်ငံ့ဝန်ထမ်းများအား DCS လှုပ်ရှားမှုတွင်ပါဝင်ရန် လှုံ့ဆော်ခြင်း၊ မိမိကိုယ်တိုင် DCS ပြုလုပ်ခဲ့ခြင်းတို့ကြောင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လှစ်ခံခဲ့ရပြီး ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည့် ပညာရေးဝန်ကြီးဌာနမှ DCS (သစ္စာမဲ့ဝန်ထမ်း) ခိုင်စုလွင်ထံသို့ အဝတ်အထည်အမျိုးမျိုးချုပ်လုပ်၍ တရားမဝင် ပို့ဆောင်ပေးခဲ့သည့်အပြင် ခိုင်စုလွင် အွန်လိုင်းမှ တရားမဝင် ရောင်းချလျက်ရှိသည့် ထိုင်းထီများဝယ်ယူခဲ့ကြောင်း၊ ပြည်ပတွင်နေထိုင်သော ခိုင်စုလွင်က အကြမ်းဖက်မှု ဆောင်ရွက်နေသူများအား ငွေကြေးထောက်ပံ့နိုင်ရန် ၎င်းတို့၏ Mobile Payments များအား အခကြေးငွေရယူ၍ အသုံးပြုခွင့်ပေးခဲ့ကြောင်း၊ ရောင်းချရသည့်ငွေများအား ၎င်းတို့အမည်ဖြင့် ဖွင့်လှစ်ထားသော Mobile Payments များမှတစ်ဆင့် ငွေကြေးများလွှဲပြောင်းပေးအပ်နိုင်ရန် ဆောင်ရွက်ပေးခဲ့ကြောင်း တွေ့ရှိရသည်။

 

DCS (သစ္စာမဲ့ဝန်ထမ်း) ခိုင်စုလွင်သည် Khaing Su Lwin Facebook Accountနှင့် khaingsu38cdm TikTok Account တို့အား ၂၀၂၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာဝတ်စုံများ၊ ရှမ်းဝတ်စုံများနှင့် ညဝတ်အင်္ကျီများကို အွန်လိုင်းစနစ်ဖြင့် လိုင်စင်မရှိဘဲ ရောင်းချခြင်းလုပ်ငန်းအား DCS (သစ္စာမဲ့ဝန်ထမ်း) သီတာဇော်ထံမှ ချိတ်ဆက်ရယူလုပ်ကိုင်ခဲ့ခြင်းနှင့် တရားမဝင် ထိုင်းထီရောင်းချခြင်းတို့မှ ရရှိလာသောငွေကြေးများအား ကိုယ်ကျိုးအတွက် သုံးစွဲခြင်း၊ အကြမ်းဖက်အဖွဲ့အစည်းများသို့ ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်လျက်ရှိသူဖြစ်ကြောင်း တွေ့ရှိရသည်။

 

နိုင်ငံတော်အစိုးရအနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းများအား ဥပဒေနှင့်အညီဖြစ်စေရေးအတွက် လိုအပ်သည့်အမိန့်များ ထုတ်ပြန်ပေးလျက်ရှိရာ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကိုလည်း အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် အမိန့်ထုတ်ပြန်သတ်မှတ်ခဲ့ပြီးဖြစ်သည်။ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများကို ညွှန်ကြားချက်နှင့်အညီ ရောင်းချခွင့်မှတ်ပုံတင်လက်မှတ်မရှိဘဲ ပြည်တွင်း/ ပြည်ပမှ တရားမဝင်ရောင်းချခြင်းကြောင့် နိုင်ငံတော်၏ အခွန်ဘဏ္ဍာများ ဆုံးရှုံးစေလျက်ရှိကြောင်း၊ သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများဖြစ်သော DCS ဝန်ထမ်း သီတာဇော်၊ ဖြိုးမင်းစိုးနှင့် ငွေကြေးလွှဲပြောင်းရာတွင် ပါဝင်ကူညီခဲ့သည့် သန်းဇော်မိုးတို့အား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

 

အလားတူ NUG၊ PDF အကြမ်းဖက်အဖွဲ့ အစည်းများအား ထောက်ပံ့မှုပြုလုပ်နိုင်ရန် လူမှုကွန်ရက်များပေါ်၌ တရားမဝင်ဈေးရောင်းချခြင်းနှင့် ချိတ်ဆက်ခြင်း၊ ရောင်းချသည့် ပစ္စည်းများအား ဝယ်ယူခြင်း၊ တစ်ဆင့်ခံပြန်လည်ရောင်းချခြင်း၊ ငွေကြေးလွှဲပြောင်းမှုများ ပြုလုပ်နိုင်ရန် အကူအညီပေးခြင်းနှင့် ထိုသို့ဆောင်ရွက်နိုင်ရန် နည်းလမ်းတစ်ခုခုဖြင့် ကူညီဆောင်ရွက်နေသူများကိုလည်း အကြမ်းဖက်ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရေး စိစစ်ဖော်ထုတ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

 

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသော်လည်း NUG၊ PDF အကြမ်း ဖက်အဖွဲ့များအနေဖြင့် ပြည်သူလူထု အထိတ်တလန့်ဖြစ်စေရန် ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ အချို့သော အကြမ်းဖက်အားပေးအဖွဲ့များနှင့် ပြည်ပြေးများအနေဖြင့် ဥပဒေမဲ့ စီးပွားရေးလုပ်ငန်းများမှ ဝင်ငွေရှာဖွေ၍ အကြမ်းဖက်အဖွဲ့များ သက်ဆိုးရှည်စေရေးအတွက် ထောက်ပံ့ပေးလျက်ရှိသည်ကို တွေ့ရှိရသည်။ ထို့ကြောင့် ၎င်းတို့နှင့်ချိတ်ဆက်ခြင်း၊ ကုန်ပစ္စည်းများဝယ်ယူခြင်း၊ တစ်ဆင့်ခံပြန်လည် ရောင်းချခြင်းနှင့် ထိုသို့ဆောင်ရွက်နိုင်ရန် နည်းလမ်းတစ်ခုခုဖြင့် အားပေးကူညီနေသူများသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူခံရနိုင်ကြောင်းနှင့် မိဘပြည်သူများအနေဖြင့်လည်း အကြမ်းဖက်အဖွဲ့အစည်းများကို အားပေးကူညီရန် ရည်ရွယ်၍ တရားမဝင်အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသူများနှင့် ဝယ်ယူသူများအား သိရှိပါက သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများထံသို့ လျှို့ဝှက်စွာ သတင်းပေးပို့နိုင်ကြောင်း၊ အကြမ်းဖက်အဖွဲ့အစည်းများအား ထောက်ပံ့မှုပြုလုပ်နိုင်ရန်အတွက် လူမှုကွန်ရက်အား အသုံးပြု၍ တရားမဝင် ဈေးရောင်းချလျက်ရှိသည့် လူမှုကွန်ရက်အကောင့်များနှင့် နည်းလမ်းတစ်ခုခုဖြင့် ကူညီဆောင်ရွက်နေသူများအား ဆက်လက်ဖော်ထုတ်၍ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်