ဗန်ကောက်    စက်တင်ဘာ   ၇

ထိုင်းဘုရင်မင်းမြတ် မဟာဗာဂျီရာ လောင်ကွန်းက အနုထင်ချန်ဗီရာကူလ်အား ထိုင်းနိုင်ငံ၏  ဝန်ကြီး  ချုပ်သစ်အဖြစ်    ထောက်ခံအတည်ပြုခဲ့ကြောင်း အောက်လွှတ်တော်   အထွေထွေအတွင်းရေးမှူး အာ့ပတ်သ်  ဆူခါနွတ်သ်က  စက်တင်ဘာ ၇ ရက် တွင် ကြေညာသည်။

စက်တင်ဘာ ၅ ရက်ကပြုလုပ်သည့် အောက်လွှတ်တော်မဲခွဲမှုတွင် ထောက်ခံမှုအများစုရရှိခဲ့သည့်  အနုထင်ကို ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ခြင်းဆိုင်ရာ တော်ဝင်အမိန့်ကိုဘွန်ဂျိုင်ထိုင်းပါတီဌာနချုပ်တွင် ပြုလုပ်သည့်    အခမ်းအနားတွင်   အာပတ်သ်က ဖတ်ကြားခဲ့သည်။

အနုထင်က ဝန်ကြီးချုပ်အဖြစ် ပြည်သူများအား ပထမဆုံး ပြောကြားခဲ့သည့်မိန့်ခွန်းတွင်  အစိုးရသစ် သည် တာဝန်များကို ထမ်းဆောင်ရာတွင် အခက်အခဲများစွာရှိသော်လည်း   ထိုင်းနိုင်ငံ၏   လက်ရှိ အကျပ်အတည်းများကို အမြန်ကျော်လွှားနိုင်ရန်  ၎င်း၏အစိုးရသစ်က ကြိုးစားလုပ်ဆောင်သွားမည်ဟု အလေးအနက် ကတိကဝတ်ပြုထားသည်။

ဝန်ကြီးချုပ်  အနုထင်အစိုးရအဖွဲ့၏ ရည်မှန်းချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို   ပြင်ဆင်ရန်ဖြစ်ပြီး ဥပဒေအရ ပြဋ္ဌာန်းထားသည့် လုပ်ငန်းစဉ်အတိုင်း အခြေခံဥပဒေအသစ်ရေးဆွဲနိုင်ရန်  အတားအဆီးများကို ရှင်းလင်းသွားမည်ဟုဆိုကာ ၎င်းတာဝန်ယူပြီးနောက်လေးလအတွင်း လွှတ်တော်ကို ဖျက်သိမ်းရန် ကတိပြုထားကြောင်း ထပ်လောင်းအတည်ပြုခဲ့သည်။

ဝန်ကြီးချုပ်က  အစိုးရသည်   နိုင်ငံ၏ကဏ္ဍစုံမှ   ပံ့ပိုးကူညီမှုကိုရရှိမည်ဟု  ယုံကြည်ကြောင်း  ထုတ်ဖော်ပြောကြားခဲ့ပြီး  လာမည့်အစိုးရအနေဖြင့် ပြည်သူတို့၏ သာယာဝပြောမှု၊   နိုင်ငံတည်ငြိမ် အေးချမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ထိန်းသိမ်းတည်ဆောက်နိုင်ရန် အားကောင်းသော အခြေခံမူများချမှတ်ပေးရန်   ရည်ရွယ်ကြောင်း ထပ်လောင်းပြောကြားသည်။

ဘွန်ဂျိုင်ထိုင်းပါတီခေါင်းဆောင် အသက်  ၅၈ နှစ်အရွယ်ရှိ အနုထင်သည် အစိုးရအဖွဲ့အသီးသီးတွင် ဒုတိယဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနတို့ကို    တာဝန်ယူကိုင်တွယ်ခဲ့သူလည်း ဖြစ်သည်။                                 

ဆင်ဟွာ