ထက်မြက်

ဥရောပဒေသရဲ့ခရီးသွားမြေပုံပေါ်မှာ လူသိနည်းနေသေးပေမယ့် တကယ်တမ်းခြေချကြည့်လိုက်တဲ့အခါ မမျှော်လင့်ထားတဲ့ အလှတရားတွေနဲ့ ဆီးကြိုနေမယ့် နိုင်ငံတစ်နိုင်ငံရှိပါတယ်။ အဲဒါကတော့ “ဥရောပရဲ့ အဆုတ်” လို့ တင်စားခံရပြီး သန့်ရှင်းစိမ်းလန်းတဲ့ သဘာဝတရား၊ ခမ်းနားထည်ဝါတဲ့ ရဲတိုက်ကြီးတွေနဲ့ ဖော်ရွေပျူငှာတဲ့ ဒေသခံတွေရှိရာ “ဘယ်လာရုစ်နိုင်ငံ” ပဲ ဖြစ်ပါတယ်။

ဥရောပအရှေ့ပိုင်းမှာ တည်ရှိပြီး ကုန်းတွင်းပိတ်နိုင်ငံ ဖြစ်သော်လည်း ဘယ်လာရုစ်ဟာ ရေကန်ပေါင်း ၁၁၀၀၀ ကျော်နဲ့ မြစ်ချောင်းပေါင်း ၂၀၀၀၀ ကျော် စီးဆင်းနေတာကြောင့် “အပြာရောင် မျက်လုံးပိုင်ရှင်နိုင်ငံ” (The Blue-Eyed Country) လို့ တင်စားခေါ်ဝေါ်ကြပါတယ်။ ဆူညံပွက်လောရိုက်နေတဲ့ ဒီကမ္ဘာကြီးထဲမှာ အေးချမ်းဆိတ်ငြိမ်မှုကို ရှာဖွေနေ ကြသူတွေအတွက် ဘယ်လာရုစ်နိုင်ငံက အကောင်းဆုံး ခိုနားရာတစ်ခုပါပဲ။

ဘယ်လာရုစ်နိုင်ငံကို ရောက်တာနဲ့ ပထမဆုံး သတိထားမိမယ့်အရာက သန့်ရှင်းသပ်ရပ်မှုနဲ့အတူ ခေတ်ဟောင်း အငွေ့အသက်တွေ ဖုံးလွှမ်းရာနေရာ တစ်ခုဖြစ်တဲ့ မင့်(စ်)မြို့ပါပဲ။ ဘယ်လာရုစ် နိုင်ငံရဲ့မြို့တော်ဖြစ်တာနဲ့အညီ သန့်ရှင်းသပ်ရပ်မှုရှိပြီး လမ်းမကျယ်ကြီးတွေ၊ စနစ်ကျတဲ့ ပန်းခြံကြီးတွေနဲ့ ဆိုဗီယက်ခေတ် ဗိသုကာလက်ရာတွေက ခေတ်မီအဆောက်အအုံတွေနဲ့အတူ ယှဉ်တွဲနေ တာဖြစ်ပါတယ်။

မင့်(စ်)မြို့ရဲ့ မြို့လယ်ကောင်က အဓိကလမ်းမကြီးဖြစ်ပြီး ဥရောပရဲ့ အရှည်လျားဆုံးလမ်းမတွေထဲမှာ ပါဝင်ပါတယ်။ လမ်းမကြီးတစ်လျှောက်ကို လျှောက်လှမ်းကြည့်ရင် ခမ်းနားလှပတဲ့ ဂန္ထဝင်အဆောက်အအုံတွေကို ငေးမောနိုင်မှာပါ။

စိန်တုံးပုံစံနဲ့ တည်ဆောက်ထားတဲ့ အမျိုးသားစာကြည့်တိုက်ကြီးက မင့်(စ်)မြို့ရဲ့ သင်္ကေတတစ်ခုဖြစ်ပါတယ်။ ညဘက်မှာဆိုရင် မီးရောင်စုံတွေနဲ့ ထိန်ထိန်လင်းနေပြီး အပေါ်ဆုံးထပ်ကနေကြည့်ရင် တစ်မြို့လုံးရဲ့ ရှုခင်းကို ပသာဒဖြစ်ဖွယ်ရာ တွေ့မြင်နိုင်ပါတယ်။

မြစ်ကမ်းဘေးမှာရှိတဲ့ ရောင်စုံအိမ်လေးတွေနဲ့ ရှေးဟောင်းရပ်ကွက် လေးကတော့ ဓာတ်ပုံရိုက်ဖို့အကောင်းဆုံး နေရာပါပဲ။ ကော်ဖီဆိုင်လေးတွေ၊ အနုပညာပြခန်းလေးတွေနဲ့ပြည့်နှက်နေပြီး ၁၉ ရာစုအငွေ့အသက်ကို ခံစားရစေပါ တယ်။ နေရာကတော့ Trinity Suburb ဖြစ်ပါတယ်။

ဘယ်လာရုစ်နိုင်ငံကိုရောက်ရင် မသွားမဖြစ် သွားရမယ့်နေရာကတော့ ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ရဲတိုက်ကြီးနှစ်ခုဖြစ်ပါတယ်။ အဲဒီရဲတိုက်ကြီးတွေက နတ်သမီးပုံပြင်ဆန်တဲ့ ရဲတိုက်ကြီးများလို့ပြောရင်လည်း မမှားပါဘူး။

ရဲတိုက်နှစ်ခုအနက်တစ်ခုက မီယာ ရဲတိုက်ဖြစ်ပါတယ်။ ၁၆ ရာစုကတည်းက တည်ဆောက်ခဲ့တဲ့ ရဲတိုက်ကြီးဖြစ်ပြီး ဂေါသစ်၊ ဘာရော့နဲ့ ရီနေးဆွန်း ဗိသုကာ လက်ရာတွေ ပေါင်းစပ်ထားပါတယ်။ ရဲတိုက်ရဲ့ရှေ့က ရေကန်ထဲမှာ ရဲတိုက် ပုံရိပ်ထင်ဟပ်နေတာက ပန်းချီကား တစ်ချပ်သဖွယ် လှပလှပါတယ်။

နောက်ထပ်ရဲတိုက်တစ်ခုက နက်စဗီ ရဲတိုက်ဖြစ်ပါတယ်။ ဥရောပရဲ့ အလှဆုံး နန်းတော်တွေထဲက တစ်ခုလည်းဖြစ်ပါတယ်။ ဒီရဲတိုက်ကြီးက ရတ်ဇီဝေး မိသားစုရဲ့နေအိမ်ဖြစ်ခဲ့ပြီး အတွင်းပိုင်း အပြင်အဆင်တွေက ရွှေရောင်ဝင်းလက်ကာ အင်မတန်ခမ်းနားပါတယ်။ ရဲတိုက်ပတ်လည်က ဥယျာဉ်ကြီးထဲမှာ လမ်းလျှောက်ရင်း ရှေးခေတ်မင်းညီမင်းသားတွေရဲ့ဘဝကို စိတ်ကူးယဉ်ကြည့်နိုင်ပါတယ်။

ဥရောပရဲ့ ရှေးအကျဆုံးသစ်တောကြီးဖြစ်တဲ့ Belovezhskaya Pushcha က သဘာဝကြီးကိုချစ်ခင်မြတ်နိုးသူတွေအတွက် တကယ့်ကို သုခဘုံပါပဲ။ ဒီသစ်တောကြီးဟာ ဥရောပရဲ့ရှေးအကျဆုံးနဲ့ အကြီးဆုံးသော သစ်တောကြီး တစ်ခုဖြစ်ပါတယ်။ ဒီတောအုပ်ထဲမှာ ဥရောပကျွဲရိုင်းလို့ခေါ်တဲ့ တိရစ္ဆာန်တွေကို သဘာဝအတိုင်း တွေ့မြင်နိုင်ပါသေးတယ်။ ဒါ့အပြင် စက်ဘီးစီးတာ၊ တောတွင်း လမ်းလျှောက်တာတွေ ပြုလုပ်နိုင်ပြီး ဆောင်းရာသီမှာဆိုရင်တော့ နှင်းမှုန် ဖွေးဖွေးကြားမှာ သစ်တောအလှကိုခံစားရင်း “Father Frost” (ဘယ်လာရုစ် စန်တာကလော့)ရဲ့ အိမ်တော်ကို သွားရောက်လည်ပတ်နိုင်ပါတယ်။

ရိုးရာအစားအစာနဲ့ ဧည့်ဝတ်ကျေပွန်မှုအကြောင်းပြောရရင် ဘယ်လာရုစ်နိုင်ငံသားတွေက အာလူးကို အင်မတန် နှစ်သက်ကြပါတယ်။ သူတို့ဆီမှာ အာလူးနဲ့လုပ်တဲ့ ဟင်းလျာအမျိုးပေါင်း ၃၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။ အာလူးကို အခြေခံတဲ့ အထင်ရှားဆုံးဟင်းလျာ တချို့ကတော့ Draniki လို့ခေါ်တဲ့ အာလူးကိုခြစ်ပြီး ကြော်ထားတဲ့ အာလူးကပ်ကြော်ဖြစ်ပါတယ်။ နောက်တစ်ခုက Machanka လို့ခေါ်တဲ့ ဝက်သား၊ ဝက်အူချောင်းတို့ကို အနှစ်နဲ့ချက်ပြီး ပန်ကိတ်နဲ့တို့စားရတဲ့ ဟင်းလျာ ဖြစ်ပါတယ်။

ဒေသခံတွေဟာ နိုင်ငံခြားသားတွေအပေါ်မှာ အလွန်ဖော်ရွေပြီး ကူညီတတ်ကြပါတယ်။ ဘာသာစကားအခက်အခဲရှိနိုင်ပေမယ့် သူတို့ရဲ့နွေးထွေးတဲ့ အပြုံးတွေကြောင့်ပဲ စိတ်လုံခြုံမှုကိုရရှိစေမှာ ဖြစ်ပါတယ်။

ပဲရစ်တို့ ရောမတို့က ကမ္ဘာလှည့် ခရီးသွားတွေနဲ့ ပြည့်ကျပ်နေတဲ့နေရာ တွေဖြစ်တာကြောင့် စိတ်ရှုပ်ရတာမျိုးတွေ ရှိတတ်ပါတယ်။ ဒါပေမယ့် ဘယ်လာရုစ်ကတော့ ဒီလိုစိတ်ရှုပ်စရာတွေနဲ့ ကင်းဝေးပြီး ခရီးသွားတွေနဲ့ ကျပ်ညပ်မနေဘဲ အေးအေးလူလူ လည်ပတ်နိုင်ပါတယ်။ ကုန်ကျစရိတ်ကလည်း ဥရောပရဲ့ တခြားနိုင်ငံတွေနဲ့ယှဉ်ရင် နေစရိတ်၊ စားစရိတ်မှာ အများကြီးသက်သာပါ တယ်။ လုံခြုံမှုရှိရဲ့လားလို့ ဆိုလာရင် လည်း ဘယ်လာရုစ်နိုင်ငံဟာ ကမ္ဘာ့ အလုံခြုံဆုံး နိုင်ငံများစာရင်းထဲမှာပါဝင်လေ့ရှိပြီး ညဘက်တွေမှာလမ်းလျှောက် ထွက်ရင်တောင် အလွန်စိတ်ချရတဲ့ အနေအထားရှိပါတယ်။

ဘယ်လာရုစ်ဆိုတာ သတင်းခေါင်းစဉ်တွေထဲမှာ တွေ့ရတာထက် ပိုမိုနက်ရှိုင်းတဲ့ အလှတရားတွေ ရှိနေတဲ့နိုင်ငံတစ်ခု ဖြစ်ပါတယ်။ သမိုင်းကြောင်း၊ ယဉ်ကျေးမှု၊ သဘာဝတရားနဲ့ ရိုးသားအေးဆေးတဲ့ လူနေမှုဘဝကို မြတ်နိုးသူတွေအတွက် ဆိုရင်တော့ ဘယ်လာရုစ်နိုင်ငံဟာ မဖြစ်မနေ သွားရောက်လည်ပတ်သင့်တဲ့ “လျှို့ဝှက်ရတနာ” ကြီးတစ်ခုဖြစ်ကြောင်း ညွှန်းဆိုလိုက်ရပါတယ်။