ဂျေရုဆလင် အောက်တိုဘာ ၂၁
အစ္စရေးနှင့် ဟားမတ်စ်အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိချိန်ဖြစ်သည့် အောက်တိုဘာ ၁၀ ရက်မှစတင်၍ လက်ရှိအချိန်အထိ ဂါဇာဒေသသို့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများပါဝင်သည့် ထရပ်ကား ၉၈၀ သာ ဝင်ရောက် ခဲ့ကြောင်း ဟားမတ်စ်မီဒီယာရုံးက အောက်တိုဘာ ၂၁ ရက်တွင် ပြောကြားသည်။
လူသားချင်းစာနာထောက်ထားမှုအကူအညီရရှိမှုနည်းပါးကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
ဆေးရုံများတွင် အသုံးပြုမည့်လောင်စာဆီနှင့် ချက်ပြုတ်ရေးလုပ်ငန်းသုံး ဓာတ်ငွေ့ပါဝင်သည့် ထရပ်ကားများသည် ဒေသအတွင်းသို့ ဝင်ရောက်ခဲ့ပြီး ဒေသခံများ၏ အခြေခံလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်ဆောင်ရွက်နေကြောင်း တာဝန်ရှိသူများက ပြောသည်။ ဂါဇာဒေသတွင် လက်ရှိအချိန်၌ အငတ်ဘေးဆိုက်နေပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ပစ္စည်းများမှာလည်း လုယက်ခံနေရသဖြင့် ဒေသခံများအခက်တွေ့နေကြောင်း သိရသည်။ လက်ရှိအချိန်တွင် ဆေးဝါးနှင့် အစားအသောက်များပါဝင်သည့် ထရပ်ကားများ နေ့စဉ်ဝင်ရောက်မှု ရှိသော်လည်း ဒေသခံများ၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ခြင်းမရှိကြောင်းနှင့် ၎င်းအခြေအနေကို လွန်မြောက်ရန်အတွက် ဒေသန္တရတာဝန်ရှိသူများနှင့် နိုင်ငံတကာ တာဝန်ရှိသူများကြား ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ဟားမတ်စ်အဖွဲ့က ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


