အပြုံးလှလှ ပြုံးကြစေဖို့

 

ထက်ဝေအောင်(စစ်ကိုင်း)

 

ကုသိုလ်ကို စိတ်ပိုင်းကြည့်လျှင် အဆိုးတရားများကို ဖယ်ရှားဖျက်ဆီးနိုင်သောတရားဟူ၍ တရားတော်များမှ သိရှိရသည်။ ကုသိုလ်နှင့်ပျော်မွေ့သူတစ်ယောက်သည် သဘာဝအရ စိတ်နှလုံးနူးညံ့ပြီး ကျယ်ဝန်း သောငြိမ်းချမ်းမှုနှင့် အပြန်အလှန်ဆက်စပ်နေလေ့ရှိသည်။ ကုသိုလ်ရှိသူသည်  မေတ္တာနှင့် ပျော်ရွှင်မှုကို ကောင်းစွာဖန်တီးနိုင်ပေသည်။ ကုသိုလ်၏ အခြားဘက်၌ အကုသိုလ်တည်ရှိသည်။  အကုသိုလ်သည်  ကုသိုလ် ၏ဆန့်ကျင်ဘက်အလုပ်များကို ပြုကျင့်ခြင်းကြောင့် ရှောင်ရှားသင့်သည့် သဘောတရားတစ်ခုဖြစ်သည်။ အကုသိုလ်သည် သိလျက်ဖြစ်စေ၊ ရည်ရွယ်လုပ်ဆောင်မှုကြောင့်ဖြစ်စေပြုမူနိုင်သည်။ တစ်ပါးသူ၏ အသက်၊ အရှက်နှင့် သိက္ခာညှိုးနွမ်းအောင်လုပ်ဆောင်မှုတိုင်း သူတစ်ပါးအကျိုးစီးပွားပျက်စီးစေသဖြင့် အကုသိုလ်အလုပ် ရှောင်ရှားကြရမည်ဖြစ်သည်။

အတိတ်ကပြုခဲ့ဖူးသည့် ကုသိုလ်၊ အကုသိုလ်အရိပ်လက္ခဏာများကို မျက်မှောက်ဘဝ နေထိုင်မှုပုံစံကို ကြည့်ရှုရုံမျှ အကဲခတ်နိုင်သည်။ အတိတ်ကံသည် ပြုလုပ်ပြီးဖြစ်ခြင်းကြောင့် ဆိုးခြင်း၊ ကောင်းခြင်းကို ပြုပြင် တည့်မတ်ရန် မလွယ်ကူနိုင်ပေ။ အတိတ်ကံကောင်းမှုကြောင့် ဘဝ တစ်လျှောက် အပူအပင်ကင်းကင်း နေထိုင်ရသူများလည်းရှိသည်။ လုပ်တိုင်းမဖြစ် စိတ်ညစ်နေရသူများလည်းရှိသည်။ အခက်အခဲ၊ အကျပ်အတည်းသည် ပြည့်စုံသူ၊ မပြည့်စုံသူများအကြား အမြဲတစေ ဝင်ရောက်နေမည်သာဖြစ်သည်။ သို့ဖြစ်၍ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ခရီးကြမ်းတွင် ကံကောင်းစေမည့် ကုသိုလ်စိတ်ထား ပွားများအားထုတ်ပြီး စိုးရိမ် ကြောင့်ကြမှုကို ဖြေလျှော့သွားရမည်ဖြစ်သည်။

 

ယောနိသော မနသီကာရတရား လက်ကိုင်ထား

 

စိုးရိမ်သောက စိတ်ဒုက္ခသည် လွန်စွာကျဉ်းမြောင်းလှသည်။ စိတ်ညစ်လျှင် စိတ်ထွက်ပေါက် ပိတ်သွားသည့်ပမာ ဖြစ်သွားသည်။ စိတ်တို့သည်လည်း တရစပ်လှုပ်ရှားနေမည်ဖြစ်သည်။ စိတ်ညစ်လျှင် သတိကင်းကွာနေလေ့ ရှိသည်။ ဒေါသ၊ လောဘ၊ မောဟတည်းဟူသော မီးသုံးပါးကို လွန်မြောက်သောနှလုံးသွင်းဆင်ခြင်မှုက အရေးကြီးသည်။ နေ့စဉ်နှင့်အမျှ အဆင်ပြေသော နှလုံးသွင်းမှုဖြင့် အဆိုးထဲမှ ရုန်းထွက်ရမည်ဖြစ်သည်။ စိတ်ဒုက္ခကို အကောင်းမြင်စိတ်ဖြင့် ကျော်ဖြတ် နိုင်ပြီး ယောနိသော မနသီကာရတရား လက်ကိုင် ထားရမည် ဖြစ်သည်။

လူသည် ဒေါသ၊ လောဘ၊ မောဟတည်းဟူသော မီးသုံးပါးကို အခြေပြုတည်ဆောက်ထားခြင်းကြောင့် သတိရှိသူ လူတော်ဖြစ်ပေသည်။ နေ့စဉ်ဘဝ မီးသုံးပါး၏ ခြယ်လှယ်မှုအောက်တွင် ပုံစံအမျိုးမျိုး ရှင်သန်နေကြရသည်။ ငို၊ ရယ်၊ မဲ့၊ ပြုံး သရုပ်ဆောင်ချက်များနှင့် အာရုံပေါ်ရာ လိုက်လံသရုပ်ဆောင်ချက် (သို့တည်းမဟုတ်) စိတ်နှလုံးသား၏ လှုပ်ခတ်သံဟုဆိုနိုင်သည်။ ရုတ်တရက်သတိလွတ်၍ ဒေါသဖြစ်သည်။ ကိုယ်ကျိုးကြည့်၍ လောဘဖြစ်ရသည်။ သတိနှင့်ကြည့်လျှင် မောဟပင်မဝင်နိုင်ပေ။ လောကဓံ၏အလှည့်အပြောင်းကို လုပ်ဆောင်သမျှ မြင်နိုင်အောင် သတိဖြင့်ကြည့်ရှုမှသာ အမောပြေနိုင်သည်။ နှလုံးသားလေး အေးအောင် ထားရပေမည်။ လေရှူ၊ လမ်းလျှောက်၊ ရေလုံလောက်စွာသောက်သုံးပြီး ကျန်းမာသောဘဝကိုလည်း တည်ဆောက်ကြရပါသည်။

 

မလိုစိတ်သည် သံသရာအကျိုးစီးပွားကို အတားအဆီးဖြစ်

 

ပျက်စီးခြင်းနှင့် ဖျက်ဆီးခြင်းသည် ကျောချင်းကပ်နေသော အမှောင့်ပယောဂသဖွယ်ဖြစ်သည်။ မြင်အပ်သော ပယောဂ၊ မမြင်အပ်သော ပယောဂများ ဝင်ရောက်နှောင့်ယှက်မှုကို လူတိုင်းသတိပြုကြ ရမည်ဖြစ်သည်။ မိမိထံဝင်ရောက်လာနိုင်သည့် လောကဓံ၏အထုအထောင်း သဘာဝကျသောအပြု အမူ၊ လှုပ်ရှားမှုများဖြင့် အသိ၊ သတိယှဉ် ရင်ဆိုင်ရပေမည်။ မလိုစိတ်သည် လွန်စွာကြောက်စရာကောင်းလှသည်။ သူတစ်ပါးအဆင်ပြေမှု၊ ကြီးပွားတိုးတက်မှု အပေါ်ထားရှိသည့် မလိုစိတ်သည် သံသရာအကျိုး စီးပွားကို အတားအဆီးဖြစ်စေနိုင်သည်။ မိမိနှင့် သူတစ်ပါးအကျိုးပျက်ပြားစေရန် အတွေးအကြံ လက်မခံဘဲ စိတ်ကိုဖြူအောင်ထားရမည်ဖြစ်သည်။

ပုံမှန်အတွေးတစ်စကို အစပြု၍ ဖြစ်ပေါ်လာလေ့ရှိသော အတွေးမှားများကြောင့် ကိုယ်၊ နှုတ်၊ စိတ်တို့ အရုပ်ဆိုးရသည်။ စိတ်၏အတွေးဆိုးများ မဝင်ရောက်စေရေး သူငါအများ မှိုင်းတိုက်ထားသည့် အဆိုးအကြံ ဟူသမျှ ချက်ချင်းတုံ့ပြန်လက်မခံရန်ဖြစ်သည်။ အတွေးသည် အိမ်တစ်လုံးနှင့်တူသည်။ လူသားအားလုံးသည် နေ့စဉ်ဘဝအချိန်ကာလတိုင်း အတွေးများဖြင့် ဖြတ်သန်းနေထိုင်ကြသည်။ သွားရင်းတွေးသည်။ စားရင်းတွေးကြံသည်။ အလုပ်လုပ်ရင်းလည်း တွေးတောသည်။ စိတ်သည် အလုပ်များစွာဖြင့် ရှုပ်ထွေးနေသည့်တိုင် အတွေးကိုလက်ခံလမ်းဖွင့်ပေးသည်။ အတွေးအကြံများသည် အတိတ်၊ အနာဂတ်ကို ခြေဆန့်လေ့ရှိပြီး မကျေနပ်မှု၊ အောင်မြင်မှု၊ ကျရှုံးမှုများထင်ဟပ်ချိန် စိတ်မှာအတက်အကျဖြစ်ရသည်။ စိတ်ဆင်းရဲရသည်လည်း ရှသည်။ ကြည်နူးခံစားရသည်လည်း ရှိပေသည်။ စိတ်ညစ်က ကိုယ်ခန္ဓာကို ညှိုးနွမ်းစေသည်။ စိတ်သည် ကျန်းမာရေးကို အထောက်အကူပြုစွမ်းရှိသည်။ စိတ်ဓာတ်သန်မာသူများ ကျန်းမာကြံ့ခိုင်ကြသည်။

 

မေတ္တာဖြင့် တုံ့ပြန်၍ သည်းခံခြင်းဖြင့် တည်ဆောက်

 

မနက်ဖြန်တိုင်းသည် ဖမ်းဆုပ်ရရှိနိုင်သော အခွင့်အရေးများစွာရှိပေသည်။ ပို၍လှသောမနက်ဖြန်သည် မိမိ၏ လက်ထဲတွင်သာရှိသည်။ မိမိ၏တုံ့ပြန်မှုသည် အရေးကြီးသည်။ မေတ္တာတရားသည် လွန်စွာအရေးကြီး လှပါသည်။ ဘဝငြိမ်းချမ်းမှု တည်ဆောက်ရာတွင် မေတ္တာဖြင့် တုံ့ပြန်၍ သည်းခံ ခြင်းဖြင့် တည်ဆောက်ကြရလေ့ရှိသည်။ မီးနှင့်တူသောဒေါသကို ထိန်းသိမ်းကြရသည်။ဒေါသ၏ အဖျက်စွမ်းအားက လွန်စွာကြီးမားလှပြီး ဒေါသနှင့်ပြိုင် သောကယိုင်ကျလာမည်ဖြစ်သည်။ ရီဝေအုံ့မှိုင်း စိတ်ရိုင်းများစွာက မိမိ၏အောင်မြင်မှုကို ပိတ်ဆို့ နေစေသည်။ သွားမည့်လမ်း အတားအဆီးဖြစ်နေမည်။ မနက်ဖြန်ရဲ့တံခါးကို အသာအယာဖွင့်ထားနိုင်မှသာ နေပျော်ဖွယ်ကောင်းသော ဘဝရသကို ခံစားရရှိနိုင်မည်ဖြစ်သည်။ စိတ်အဆိုးများကို တွန်းထုတ်ပစ်ကြည့်လျှင် လွတ်လပ်ပေါ့ပါးသောစိတ်၊ ဖြူစင်သောစိတ်ကို တွေ့ရှိနိုင်သည်။ စိတ်သည် အတားအဆီးအပိတ်အဆို့မရှိ ပေါ့ပါးနေပေလိမ့် မည်။ စိတ်၏ကြည်လင်မှုအစွမ်းကြောင့် ရုပ်သည် လည်း လန်းဆန်းနေရပေမည်။ စိတ်သွားတိုင်း ကိုယ်ပါဆိုစကားအတိုင်း သွားလာလှုပ်ရှားမှုတိုင်းသည် သွက်လက်နေမည်ဖြစ်သည်။

ဘဝတစ်လျှောက်တွင် အသက်ရှင်သန် ရပ်တည်ရေး လှုပ်ရှားရုန်းကန်ကြရသည်။ အသက် အလိုက်၊ နှစ်အလိုက် ကြုံတွေ့ရသည့်လောကဓံ၏ ဆူကြုံနိမ့်မြင့်ကို ခါးစည်းခံကြရသည်။ အဆိုပါလောကဓံသည် လူတိုင်း ကြုံတွေ့ရသည့် အခက်အခဲ သာဖြစ်သည်။ ထိုအခက်အခဲကို မည်သို့ကျော်ဖြတ်မည်နည်း။ ကိုးကွယ်ယုံကြည်ရာ ဘာသာတိုင်းတွင် လိုက်နာကျင့်ကြံဖွယ်အဆုံးအမရှိပေသည်။ ဓမ္မသဘောတရား၏အောက်တွင် သင်ယူနိုင်အောင်၊ ငြိမ်းချမ်းအောင် ကြိုးစားဆောင်ရွက်ရမည်ဖြစ်သည်။ နေ့စဉ်ကြုံတွေ့ရနိုင်သည့် လောကဓံကို ကြံ့ကြံ့ခံနိုင်အောင် ကြိုးစားရမည်ဖြစ်သည်။ မိမိတို့၏ ကြိုးစား အားထုတ်မှုအလိုက် တိုးတက်မှုလည်းရှိနိုင်သည်။ ထင်တိုင်းမပေါက်မပြီးမြောက်သောစိတ်ဆန္ဒများ ဖြင့် အခက်အခဲကြား မလွတ်မြောက်နိုင်သည်လည်းရှိသည်။ ကြိုးစားရမည်က မိမိတာဝန်သာဖြစ်သည်။

 

၃၁ ဘုံတွင် လူ့ဘုံသည်  ကုသိုလ်၊ အကုသိုလ်ပြုခွင့်ရ

 

လူ့ဘဝ၏ မြတ်ရတနာသဖွယ်ဖြစ်သော ကံငါးပါးကို မလွန်ကျူးအောင် ထိန်းသိမ်းကြရမည် ဖြစ်သည်။ ၃၁ ဘုံတွင် လူ့ဘုံသည် ကုသိုလ်၊ အကုသိုလ်ပြုခွင့်ရခြင်းကြောင့် သုခချမ်းသာနှင့် ဒုက္ခဆင်းရဲခြင်းကို သည်းခံနိုင်စွမ်းရှိသော သူတော်ကောင်းကြီးများက လွန်စွာနှစ်သက်ကြပေသည်။ လူ့သက်တမ်းသည် နတ်တို့၏ သက်တမ်းနှင့် တွက်ဆလျှင် လွန်စွာတိုတောင်းလှခြင်းကြောင့် လူဖြစ်ခွင့်ရခိုက် အချိန်ရှိခိုက် လုံ့လစိုက်ရမည် ဖြစ်ပါသည်။ အသက်အရွယ်အလိုက် ပြုကျင့်လုပ်ဆောင် ရမည့်အလုပ်များကို လုပ်ဆောင်လျက် ဒါန၊ သီလ၊ ဘာဝနာမချို့တဲ့ရေး ကုသိုလ်စိတ်နှင့် တွန်းအားပေးရမည်ဖြစ်သည်။

သို့ဖြစ်ရာ မိမိ၏ ကြိုးစားအားထုတ်လိုစိတ်၊ ကောင်းမွန်သောစိတ်ခံစားချက်ဖြင့် ရှင်သန်လိုစိတသည်သာ လက်တွေ့ဆန်သောဘဝတစ်ခုဖြစ်သည်။ မိမိဘဝခရီးကို အကောင်းဆုံးလျှောက်လှမ်းကြရမည်ဖြစ်သည်။ လောကဓံ၏ အထုအထောင်းအောက်တွင် အရှုံးပေးမရပ်တန့်သင့်ဘဲ အချိန်ရှိခိုက်ကြိုးစားကြရမည်သာ ဖြစ်သည်။ ရလဒ်ဟူသည် ကြိုးစားအားထုတ်မှုမှသာ သက်ဆိုင်ပေသည်။ မဆုတ်မနစ်ကြိုးစားသူတိုင်း အောင်မြင်မှု အသီးအပွင့်ကို ခံစားခွင့်ရှိသည်။ ပြုံးပျော်ဘဝ ပိုင်ဆိုင်ရဖို့ စိတ်မကျေနပ်မှုမှတစ်ဆင့် ဖြစ်ပေါ်လာ သောအတွေးသည် စိတ်မပျော်ရွှင်မှုဆီသို့ ကူးစက် နိုင်သဖြင့် အတွေးအာရုံဟူသမျှ လွှတ်ချလိုက်ရမည် သာဖြစ်သည်။ သတိအဖော် လက်တွဲခေါ်လျက် အရေးမပါသော အကြောင်းအရာများကို ဖယ်ရှားနိုင်အောင် ဆောင်ရွက်ရမည်ဖြစ်သည်။ နာရီစက္ကန့် မလပ် ငြိမ်းချမ်းစွာဖြတ်သန်းနိုင်ရေး အခိုက်အတန့် ကာလလေးအတွင်း သတိပြုသင့်သည်။ ပစ္စုပ္ပန်တည့်တည့် စိတ်ကောင်း၊ နှလုံးကောင်းထားလျက် အပြုံးလှလှ ပြုံးနိုင်ကြစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါသည်။