မြန်မာနိုင်ငံတွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးလုပ်ငန်းများကို လွန်ခဲ့သည့်နှစ်ပေါင်း ၇၀ ကျော် ကာလကပင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံအလယ်ပိုင်းရှိ မိုးနည်းရေရှားဒေသများတွင် သဘာဝပတ်ဝန်းကျင် အခြေအနေများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြေယာကျေးလက် တိုးတက်ကြီးပွားရေး ကော်ပိုရေးရှင်း (မြေကြေးရှင်း) ကို ဖွဲ့စည်း၍ ၁၉၅၃- ၁၉၅၄ ဘဏ္ဍာနှစ်မှ ၁၉၆၂-၁၉၆၃ ဘဏ္ဍာနှစ်အထိ ၁၀ နှစ်ကြာ ဆောင်ရွက်ခဲ့သည်။ ထို့နောက် ၁၉၆၃ ခုနှစ်တွင် သစ်တော ဦးစီးဌာနက ဆက်လက်တာဝန်ယူကာ ၁၉၆၃-၁၉၆၄ ဘဏ္ဍာနှစ်မှ ၁၉၈၁-၁၉၈၂ ဘဏ္ဍာနှစ်အထိ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။ ဤသို့ဆောင်ရွက်ရာ တွင် မိတ္ထီလာခရိုင်ကို အဓိကထား၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပုပ္ပားတောင် ရေဝေရေလဲသစ်တောများ ပြန်လည်ထူထောင်၍ ကျေးရွာသစ်တောများနှင့် စံပြသစ်တောများကို တည်ထောင်ခဲ့ သည်။
၁၉၉၄ ခုနှစ်တွင် ကိုးခရိုင်စိမ်းလန်းစိုပြည်ရေး စီမံကိန်းစတင်ခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် ၁၃ ခရိုင်သို့ တိုးချဲ့ကာ မြင်းခြံခရိုင်တွင် ရေဝေတောင်တန်းများ စိမ်းလန်းစိုပြည်ရေး အထူးလုပ်ငန်း စီမံကိန်းကို စတင်ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံ အပူပိုင်းရပ်ဝန်းဒေသတွင် စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်း ဒေသကြီးသုံးခုတို့မှ ဒေသများပါဝင်လျက်ရှိပြီး နိုင်ငံ့လူဦးရေ၏ ၂၅ ရာခိုင်နှုန်းခန့် နေထိုင်နေကြသည်။ တစ်နိုင်ငံလုံး၏ ပျမ်းမျှမိုးရေချိန်အောက် လျော့နည်းသည့် မိုးရေချိန်ကိုသာရရှိပြီး နွေရာသီတွင် အပူချိန် မြင့်မားပြင်းထန်သည့် ဒေသအတွင်း ရာသီဥတုအခြေအနေမှာ တစ်ပြေးညီတူညီမှုမရှိဘဲ မိုးရာသီ၌ပင် မကြာခဏ မိုးခေါင်လေ့ ရှိခြင်းကြောင့် သဘာဝပေါက်ပင်နှင့် သစ်တောဖုံးလွှမ်းမှု လျော့နည်းခြင်း၊ မြေဆီလွှာတိုက်စားခြင်း၊ မိုးသည်းထန်သည့်အခါ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခြင်းတို့ ဖြစ်ပေါ်စေသည်။
အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး သစ်ပင်စိုက်ပျိုးပွဲကို ဇူလိုင် ၁၁ ရက်တွင် နိုင်ငံတော်အဆင့်အဖြစ် ပထမဆုံးအကြိမ် ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့ရှိ သတ်မှတ်နေရာအသီးသီးတွင် တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ကျင်းပခဲ့သည်။ အပူပိုင်းဒေသ (၁၃) ခရိုင်၊ မြို့နယ် (၂၉) မြို့နယ်အတွင်း စုစုပေါင်းသစ်ပင် ၃၄၉၅၀ ကို လူထုလှုပ်ရှားမှု အသွင်ဖြင့် စုပေါင်းစိုက်ပျိုးပေးနိုင်ခဲ့ခြင်းဖြစ်သည်။
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် လိန်တောကြိုးပြင် ကာကွယ်တောနေရာ၌ ကျင်းပသည့် သစ်ပင် စိုက်ပျိုးပွဲတော်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် “ယနေ့တွင် အပူပိုင်းဒေသ (၁၃) ခရိုင်၌ ပျိုးပင်ပေါင်း ၃၄၉၅၀ အား စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ ယခုနေရာများသည် ယခင်ကတည်းက စိုက်ပျိုးခဲ့သည့် နေရာများဖြစ်ကြောင်း၊ သို့သော် ရှင်သန်မှုများ အားနည်းခြင်း၊ ဒေသလိုအပ်ချက်အရ သစ်ပင်များ တရားမဝင် ခုတ်ထွင်ခြင်းများကြောင့် ထိုက်သင့်သလောက် အကျိုးမရရှိခဲ့ကြောင်း၊ ယခုကဲ့သို့ သစ်ပင် စိုက်ပျိုးပွဲတော်များ ကျင်းပခြင်းကြောင့် အချိန်၊ လူအင်အားနှင့် ငွေကြေးကုန်ကျမှုများ ရှိကြောင်း၊ ထို့ကြောင့် မိမိတို့စိုက်ပျိုးသည့် အပင်များ ‘တစ်ပင်စိုက်၊ တစ်ပင်ရှင်’ ဖြစ်အောင် စနစ်တကျ စိုက်ပျိုးထိန်းသိမ်း သွားကြရန်လိုကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
သစ်ပင်များစိုက်ပျိုးခြင်း၊ သစ်တောများထိန်းသိမ်းခြင်း၊ ပြုစုပျိုးထောင်ခြင်းတို့သည် လက်ငင်းအကျိုး ခံစားရန်မဟုတ်ဘဲ အနာဂတ်နိုင်ငံနှင့်မျိုးဆက်သစ်များအတွက် အမွေအနှစ်များ ပေးခြင်းဖြစ်သည်။ ကမ္ဘာတစ်ဝန်းတွင် ရာသီဥတုပြောင်းလဲမှုများ ဖြစ်ပေါ်နေရာ မိမိတို့နိုင်ငံ၏ အပူပိုင်းမိုးနည်း ဒေသများမှာ မိုးခေါင်ရေရှားမှုနှင့် ပြင်းထန်သည့် အပူချိန်မြင့်မားမှုတို့ကို ရင်ဆိုင် ကြုံတွေ့နေရသည်။ ရာသီဥတုပြောင်းလဲမှုကို ဖြေရှင်းရာတွင် သစ်ပင်သစ်တောများသည် အဓိကအခန်းကဏ္ဍ၌ ရှိနေရာ နှစ်စဉ်စိုက်သည့် သစ်ပင်များကို ရှင်သန်ဖြစ်ထွန်းအောင် စနစ်တကျ ဆက်လက်ပြုစု ထိန်းသိမ်းခြင်း၊ သစ်ပင်များတရားမဝင် ခုတ်လှဲခြင်းတို့ မဖြစ်စေရန်အတွက် ကာကွယ် စောင့်ရှောက်ခြင်းတို့တွင်လည်း လူထုအားဖြင့်ပင် ပါဝင်ကြစေလိုပါကြောင်း။
မြန်မာ့အလင်း


