ရိုယိုဒီဂျနေးရိုး နိုဝင်ဘာ ၈
ဘရာဇီးနိုင်ငံ၌ ကျင်းပသည့် ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေးတွင် ကမ္ဘာ့ခေါင်းဆောင်များက အပူပိုင်းသစ်တောများ ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ရန်ပုံငွေတစ်ရပ် ထူထောင်ရန် သဘောတူညီခဲ့ကြောင်း သိရသည်။
အဆိုပါ နှစ်ရက်ကြာ ထိပ်သီးဆွေးနွေးပွဲကို အမေဇုန်မြစ်ဝကျွန်းပေါ်ဒေသရှိ ဘီလမ်မြို့၌ နိုဝင်ဘာ ၆ ရက်တွင် စတင်ခဲ့သည်။ ကုလသမဂ္ဂရာသီဥတု ဆိုင်ရာညီလာခံ COP30 မတိုင်မီ ကျင်းပသည့် အစည်းအဝေးဖြစ်သည်။
နိုင်ငံနှင့် ဒေသပေါင်း ၅၀ ကျော်မှ ခေါင်းဆောင်များ တက်ရောက်ကြသည်။
ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းရန် ငွေကြေးအင်အား ခိုင်မာရန် အရေးတကြီး လိုအပ်နေကြောင်း ပလောင်းနိုင်ငံသမ္မတ ဆူရန်ဂျယ်ဝစ်က ပြောကြားခဲ့သည်။ ပလောင်းနိုင်ငံသည် ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုကြောင့် ခြိမ်းခြောက်ခံနေရသော ပစိဖိတ်ကျွန်းနိုင်ငံများအနက် တစ်နိုင်ငံ ဖြစ်သည်။
ထို့ပြင် ဘရာဇီးအစိုးရက အဆိုပြုထားသည့် အပူပိုင်းသစ်တော Forest Forever Facility အကောင်အထည်ဖော်ဆောင်မည့် ပဏာမခြေလှမ်းကို အစည်းအဝေးသို့ တက်ရောက်လာသည့် ခေါင်းဆောင်များက သဘောတူညီခဲ့ကြသည်။ ဂျပန်နိုင်ငံအပါအဝင် နိုင်ငံနှင့် ဒေသပေါင်း ၅၀ ကျော်က ထောက်ခံခဲ့သည်။
အဆိုပါရန်ပုံငွေအတွက် အစိုးရနှင့်ပုဂ္ဂလိက ကဏ္ဍနှစ်ခုစလုံးမှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၂၅ ဘီလီယံ စုဆောင်းရန် ရည်မှန်းထားသည်။
ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေးကြိုးပမ်းမှုသည် အရေးပါသည့် ပဏာမခြေလှမ်း ဖြစ်ကြောင်းနှင့် သစ်တောပြုန်းတီးမှုသည် ယခုထက် ပိုမိုများပြားလာပါက ကမ္ဘာတစ်ဝန်း၌ ဆိုးကျိုးများကို ခံစားရမည်ဖြစ်ကြောင်း ဘရာဇီးသမ္မတ လူလာဒါဆေးဗားက သတိပေး ပြောကြားခဲ့သည်။
လာမည့်ရက်သတ္တပတ်အတွင်း စတင်မည့် ကုလသမဂ္ဂရာသီဥတုဆိုင်ရာညီလာခံ COP30 တွင် နိုင်ငံ့ခေါင်းဆောင်များက ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရေးနှင့် ပတ်သက်ပြီး နည်းလမ်းကောင်းများကို ရှာဖွေမည်ဖြစ်ကြောင်း သိရသည်။
ကိုးကား - အင်န်အိတ်ခ်ျကေ
ဘာသာပြန် - အောင်ကျော်ကျော်


