ရန်ကုန်    ဒီဇင်ဘာ    ၉

 (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံက  အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပလျက်ရှိရာ မြန်မာနိုင်ငံကိုယ်စားပြု အားကစားသမားများသည် သက်ဆိုင်ရာ   အားကစားနည်းအလိုက် ပါဝင်ယှဉ်ပြိုင်ရန် နိုဝင်ဘာ ၃၀ ရက်မှ စတင်၍ အဖွဲ့လိုက် ထိုင်းနိုင်ငံသို့ ထွက်ခွာလျက် ရှိသည်။

 ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံကိုယ်စားပြု ပြေးခုန်ပစ် အားကစားသမားများသည် ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ လည်းကောင်း၊ ဂျူဒို၊ ကရာတေးအားကစားသမားများသည် ထိုင်းနိုင်ငံ ဆွန်ခလာမြို့သို့လည်းကောင်း သက်ဆိုင်ရာ အုပ်ချုပ်သူ၊ နည်းပြများနှင့်အတူ ရန်ကုန်မြို့ မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြသည်။

အဆိုပါ    (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ   အားကစားပြိုင်ပွဲတွင် အောင်မြင်မှု ဆုတံဆိပ်များရရှိရေး   ကြိုးပမ်းကာ  ပါဝင်ယှဉ်ပြိုင်သွားကြမည့် မြန်မာနိုင်ငံကိုယ်စားပြု    အားကစားသမားများနှင့် အုပ်ချုပ်သူနည်းပြများအား တွေ့ဆုံမေးမြန်းခဲ့သည်များကို    စုစည်းဖော်ပြလိုက်ပါသည်။

မအေးအေးအောင်

ဂျူဒိုအားကစားသမား

ဆီးဂိမ်းပြိုင်ပွဲအတွက် ၉ လပိုင်းမှာ  ဂျပန်နိုင်ငံကို  သွားရောက်ပြီး ဂျပန်ဂျူဒိုအားကစားသမားတွေနဲ့အတူ တစ်လတာ လေ့ကျင့်မှုတွေ ဆောင်ရွက်ထားပါတယ်။ ပြိုင်ဘက်အားကစားသမားရဲ့ ကစားပုံ၊ ကစားနည်းကို ပုံဖော်ပြီး ကြိုတင်ပြင်ဆင်  လေ့ကျင့်ထားပါတယ်။  အခု ဆီးဂိမ်းပြိုင်ပွဲ အနုတ် ၂၈  ကီလိုတန်းမှာ ဝင်ရောက်ယှဉ်ပြိုင်မှာပါ။  အဓိကပြိုင်ပွဲမှာ ဆီမီးနဲ့ဖိုင်နယ်ပွဲစဉ်တွေမှာ တွေ့နေကျ ထိုင်းဂျူဒိုအားကစားသမားရဲ့   ကစားပုံ၊  ကစားနည်း ဗီဒီယိုတွေကြည့်ပြီး လေ့လာထားပါတယ်။သူ့ရဲ့အားနည်းချက်၊ အားသာချက်ကို ဘယ်လိုယှဉ်ပြိုင်ပြင်ဆင်ရမယ်ဆိုတာကို   အလေး ထား လေ့ကျင့်ထားတယ်။ အခု ဆီးဂိမ်းပြိုင်ပွဲတွင် ကျွန်မက နောက်ဆုံးကစားရမှာဖြစ်တော့ ရွှေတံဆိပ်ဆုရရှိအောင် ကြိုးစားခဲ့ပါမယ်။

မောင်ထက်အောင်

ဂျူဒိုအားကစားသမား  

ပြိုင်ပွဲအတွက် အကောင်းဆုံးကြိုးစားပြီး အကောင်းဆုံးရလဒ်ထွက်အောင် ပြင်ဆင်ထားပါတယ်။   ကျွန်တော်တို့ပြိုင်ပွဲအတွက် Camp ဝင်တာ နှစ်နှစ်ခွဲရှိပါတယ်။ ကြားပွဲတွေလည်း သွားရောက်ကစားပြီး   လေ့ကျင့်ခဲ့တာဖြစ်တဲ့အတွက် ဒီနှစ်တော့ အကောင်းဆုံး ရလဒ်ထွက်မယ်လို့ မျှော်လင့်ပါ တယ်။ အဓိကပြိုင်ဘက်က ထိုင်းပါ မနှစ်ကလည်း  လက်ရှိချန်ပီယံဖြစ်တဲ့အတွက် သူတို့ကစားထားတဲ့  ပွဲတွေကြည့်ပြီး လေ့လာဖြစ်ပါတယ်။ ပြိုင်ပွဲမှာ အကောင်းဆုံးယှဉ်ပြိုင်ပြီး ရွှေတံဆိပ်ဆုရအောင် ကြိုးစားယှဉ်ပြိုင်ခဲ့ပါမယ်။ အားပေးကြပါဦးလို့    ပြောချင်ပါတယ်။

ဦးမောင်မောင်ထွေးဦး

ဂျူဒိုအားကစားအဖွဲ့ အုပ်ချုပ်သူ

(၃၃)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက်  အမျိုးသမီးအားကစား သမားငါးဦး၊ အမျိုးသား အားကစားသမားရှစ်ဦး ရွေးချယ်ထားတယ်။ အားကစားသမားတွေက  အားထားရတဲ့ အားကစားသမားတွေ ဖြစ်ပါတယ်။  အခု ဆီးဂိမ်းပြိုင်ပွဲမှာ   အမျိုးသမီး ဝိတ်တန်း  လေးတန်းပဲ ထည့်ထားပေးတယ်။ ပြိုင်ပွဲအမျိုးအစားက တစ်ဦးချင်းပြိုင်ပွဲမှာ အမျိုးသမီး ဝိတ်တန်း လေးတန်း၊ အမျိုးသား ဝိတ်တန်း   ငါးတန်း    စုစုပေါင်း ဝိတ်တန်း ကိုးတန်း၊ ခတပြိုင်ပွဲမှာ အမျိုးသမီး တစ်တန်း၊ အမျိုးသား တစ်တန်း  တစ်ဦးချင်းစီ  ပါဝင်ယှဉ်ပြိုင်ကြမှာပါ။ ၁၀ ရက်နေ့မှာ အမျိုးသား၊ အမျိုးသမီး ခတပြိုင်ပွဲ၊ ၁၂ ရက်နှင့် ၁၃ ရက်မှာ တစ်ဦးချင်း ပြိုင်ပွဲနဲ့ ၁၄ ရက်မှာ နောက်အဆင့် ပြိုင်ပွဲတစ်ပွဲ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ဆုအနေနဲ့က အမျိုးသမီးအားကစားသမားတွေကို   ပိုပြီး မျှော်မှန်းထားပါတယ်။

ဦးကျော်ထူးအောင်

ပြေးခုန်ပစ်အားကစားအဖွဲ့ခေါင်းဆောင်

အခုအားကစားပြိုင်ပွဲမှာ အုပ်ချုပ်သူ၊ နည်းပြ၊ အားကစားသမား အပါအဝင်  ၂၁ ဦး သွားရောက်မှာ  ဖြစ်ပါတယ်။ ကမ္ဘောဒီးယားဆီးဂိမ်းပြိုင်ပွဲပြီးကတည်းက   အားကစားသမားတွေကို ဆက်တိုက်လေ့ကျင့်မှုတွေ ဆောင်ရွက်ထားတယ်။ ပြိုင်ပွဲတွေက တာလတ်၊ မာရသွန်၊ လမ်းလျှောက် စတဲ့    အားကစားနည်းအားလုံး ဝင်ရောက်ယှဉ်ပြိုင်မယ်။ ဒီဇင်ဘာ ၁၀ ရက်ကနေ ၁၆ ရက်အထိ ပြိုင်ပွဲ ရှိပါတယ်။ အမျိုးသား၊ အမျိုးသမီးပွဲ ၂၂ ပွဲယှဉ်ပြိုင်ရမယ်။ ပြေးခုန်ပစ်အားကစားနည်းက စံချိန်သစ်ရွေးရတဲ့ အားကစားဖြစ်တဲ့အတွက် (၃၂) ကြိမ်မြောက် ကမ္ဘောဒီးယားဆီးဂိမ်းပြိုင်ပွဲက ပထမ၊ ဒုတိယ၊ တတိယဆုရရှိတဲ့ အားကစားသမားတွေနဲ့ အလားအလာရှိတဲ့    အားကစားသမားတွေကို ရွေးချယ်ထားတာကြောင့် ရလဒ်ကောင်းတွေရရှိမယ်လို့ ယုံကြည်ပါတယ်။

ဦးကျော်ကျော်မိုး

ကရာတေးအားကစားအဖွဲ့အုပ်ချုပ်သူ

ကရာတေးကစားသမားတွေကို ကျွန်တော်တို့က နိုင်ငံတော်ရဲ့ အစီအစဉ်နဲ့ အား/ကာဦးစီးဌာနကနေ  တာဝန်ပေးတဲ့ ၁-၆-၂၀၂၄ ရက်ကစပြီး  စခန်းသွင်း လေ့ကျင့်ခဲ့ပါတယ်။ အဲဒီကနေ ပေါ်ထွက်လာတဲ့ အလားအလာရှိတဲ့ ကစားသမားတွေကို    အမျိုးသားအားကစားပွဲတော်မှာ   ထပ်မံအားဖြည့်ပြီး စခန်းသွင်းလေ့ကျင့်မှုကို ဆက်လက်ဆောင်ရွက်ခဲ့တယ်။   အဆင့်ဆင့်  ဆန်ခါတင်ရွေးချယ်လာပြီး  အခုနောက်ဆုံး အားကစားသမား ကိုးဦးက လက်ရွေးစင် ကရာတေးကစားသမားတွေအဖြစ်နဲ့ သွားရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ အုပ်ချုပ်သူတစ်ဦး၊ နည်းပြသုံးဦး၊ အမျိုးသား အားကစားသမား ငါးဦး၊ အမျိုးသမီး လေးဦး စုစုပေါင်း  ၁၃ ဦး သွားရောက်မှာပါ။

အသင်းလိုက်  ထကပြိုင်ပွဲမှာ အမျိုးသား သုံးဦးပြိုင်မှာပါ။ အမျိုးသား  နှစ်ဦးက  ဝိတ်တန်းပြိုင်မယ်၊  အမျိုးသမီး လေးဦးက တစ်ဦးချင်း ဝိတ်တန်းအလိုက်ပြိုင်ပါမယ်။ အမျိုးသမီး လေးဦးကပဲ   အသင်းလိုက်ပြိုင်မယ်။ ပြိုင်ပွဲက  ၁၁ ရက်မှာ စပြီးယှဉ်ပြိုင်ပါမယ်။ ဆုမျှော်မှန်းချက်အနေနဲ့ကတော့   ကျွန်တော်တို့ အားကစားက စံချိန်တင်အားကစားမဟုတ်တဲ့အတွက် ပြောရမှာ ခက်ပါတယ်။ ကျွန်တော်တို့က ပွဲစဉ်ရေးဆွဲမှုအခြေအနေနဲ့ ကစားသမားတွေရဲ့ လေ့ကျင့်ထားတဲ့ အတွေ့အကြုံနဲ့ ယုံကြည်မှုအရ ဆုရရှိနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။

ပြိုင်ဘက်ကတော့ အဓိက အခုအိမ်ရှင်နိုင်ငံဖြစ်တယ်။ အရင်တုန်းက မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်တို့ကအမြဲတမ်း ထိပ်တန်းမှာရှိတယ်၊။ အခု ကျွန်တော်တို့က အဓိကလေးနိုင်ငံကို ရင်ဆိုင်ရမှာပါ။ ကျန်တဲ့ လာအို၊ ကမ္ဘောဒီးယားတို့က  လက်ရည်တူယှဉ်ပြိုင်နေကြပါတယ်။  ကျွန်တော်တို့လည်း နိုင်ငံတော်ကချမှတ်ထားတဲ့ ပေါ်လစီအတိုင်း နိုင်ငံတကာပြိုင်ပွဲမှာ   အောင်နိုင်မှုရရှိရေးဆိုတဲ့မူနဲ့အညီ    ကြိုးစားမယ်။ ပြီးတော့    အဖွဲ့ချုပ်ဥက္ကဋ္ဌရဲ့ လမ်းညွှန်မှု၊   ဦးဆောင်မှု၊   ပံ့ပိုးကူညီမှုနဲ့    စခန်းသွင်းလေ့ကျင့်မှုတွေ၊ နိုင်ငံတကာပြိုင်ပွဲတွေမှာ အတွေ့အကြုံရအောင် လေ့ကျင့်မှုတွေနဲ့ နိုင်ငံခြားနည်းပြခေါ်ပြီး လေ့ကျင့်ပါတယ်။ ကျွန်တော်တို့ ယခု (၃၃)ကြိမ်မြောက် ဆီးဂိမ်းအတွက် အထူးကြိုးစားခဲ့ပါတယ်။ ကစားသမားတွေကလည်း ယုံကြည်မှုရှိပါတယ်။ အကောင်းဆုံးရလဒ်တွေ ယူဆောင်လာမယ်လို့  မျှော်လင့်ပြီး   အခုပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ခြင်း ဖြစ်ပါတယ်။

ဇော်မင်းလတ်၊ သီဟ