နေပြည်တော် ဒီဇင်ဘာ ၂၂
အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၅)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ရုံးအမှတ်(၄၆)ရှိ ပြည်တွင်းအခွန်များ ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ အသေးစား ငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်၊ ကော်မတီဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီး ဦးဟန်ဝင်းအောင်၊ အသေးစား ငွေရေးကြေးရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီဝင် များ၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ ငွေရေးကြေးရေးကြီးကြပ် စစ်ဆေးရေး ဦးစီးဌာနများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အသေးစား ငွေရေးကြေးရေး လုပ်ငန်းများအသင်းမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော် က ၂၀၂၅ ခုနှစ် အောက်တိုဘာလ စာရင်းအရ အသေးစား ငွေရေးကြေးရေး ကုမ္ပဏီများသည် တိုင်းဒေသကြီး/ ပြည်နယ် ၁၅ ခုရှိ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာများရှိ အသင်းဝင်ဦးရေ ၂ ဒသမ ၈၄၂ သန်းသို့ အသေးစားငွေကြေး ဝန်ဆောင်မှုများ ပေးလျက်ရှိရာ ၂၀၁၉ ခုနှစ် ကိုဗစ်-၁၉ ကပ်ရောဂါ ကာလနောက်ပိုင်းမှစပြီး လုပ်ငန်းဆောင်ရွက်မှု ပမာဏသည် အတိုင်းအတာတစ်ခုအထိ ကျဆင်းသွားခဲ့သော်လည်း ၂၀၂၅ ခုနှစ် မတ်လ နောက်ပိုင်း ဧပြီလမှစ၍ လုပ်ငန်းများ ပြန်လည်ကောင်းမွန်လာကြောင်း၊ အသေးစား ငွေရေးကြေးရေးလုပ်ငန်းသည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲမှု လျှော့ချရေးရည်ရွယ်ချက်ဖြင့် ဆောင်ရွက်သော လူမှုရေး အခြေပြုစီးပွားရေးဖြစ်ကြောင်း။
အလားတူ လုပ်ငန်းဆောင်ရွက်မှု ကုန်ကျစရိတ် တဖြည်းဖြည်း မြင့်မားလာခြင်းသည် နည်းလမ်း ရှာဖြေရှင်းရမည့် အခြေအနေဖြစ်ကြောင်း၊ မတည်ငွေရင်း ကုန်ကျစရိတ်နှင့် လုပ်ငန်းဆောင်ရွက်မှု ကုန်ကျစရိတ်များသည် အနည်းငယ် မြင့်မားနေသည်ဟု သုံးသပ်မိသဖြင့် ကုန်ကျစရိတ်များ လျှော့ချနိုင်ရေး သက်ဆိုင်သူများအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင် မည်ဆိုပါက အသင်းသားများ ချေးယူငွေအပေါ် ကောက်ခံသည့် အတိုးနှုန်းကို သင့်လျော်သော နှုန်းထားတစ်ခုသို့ လျှော့ချပေးနိုင်မည့် အခြေအနေဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း ကျေးလက် ဒေသနေ ဝင်ငွေနည်းပြည်သူများ၊ MSME များနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများသည် ဘဏ်များမှ ငွေကြေးဝန်ဆောင်မှု ရယူနိုင်မှု ကန့်သတ်ချက်ရှိနေဆဲ အခြေအနေဖြစ်သည်ကို တင်ပြချက်များအရ သိရကြောင်း။
အသေးစား ငွေရေးကြေးရေး ကုမ္ပဏီများနှင့် ယင်းက ဝန်ဆောင်မှုပေးနေသော အသင်းဝင်များ အနေဖြင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ခြင်း (AML/CFT) ကိစ္စများ ဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများကို စနစ်တကျ လိုက်နာရေး၊ Online Scam များ၏ တလွဲအသုံးချမှု မခံရစေရေးနှင့် Cyber Security အပါအဝင် လုံခြုံရေး ဆိုင်ရာကိစ္စများကိုလည်း အလေးထား ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ အသေးစား ငွေရေးကြေးရေး ဝန်ဆောင်မှုများသည် အသင်းဝင်များ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ MSME ကဏ္ဍ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းများ အတွက် အမှန်တကယ်အထောက် အကူပြုရေးကို စေတနာထား၍ အလေးအနက်ထား ဆောင်ရွက်ကြရန်ဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က တိုင်းဒေသကြီး/ပြည်နယ် ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနများအနေဖြင့် အသေးစား ငွေရေးကြေးရေး ကုမ္ပဏီများ၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရေး၊ မတည်ငွေရင်း ထပ်မံဖြည့်ဆည်း ရန်လိုအပ်သည့် အသေးစားငွေရေးကြေးရေး ကုမ္ပဏီများအတွက် မတည်ငွေဖြည့်တင်းရေးဆိုင်ရာ ကိစ္စရပ်များကို အလေးထား ဆောင်ရွက်ကြရန် ဆွေးနွေး မှာကြားသည်။
ယင်းနောက် ကော်မတီအတွင်းရေးမှူး ငွေရေးကြေးရေးကြီးကြပ် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အသေးစားငွေရေးကြေးရေး လုပ်ငန်းကဏ္ဍ၏ လက်ရှိ လုပ်ငန်းဆောင်ရွက်မှု၊ အသေးစား ငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင် ခွင့်လိုင်စင် လျှောက်ထားသည့် ကုမ္ပဏီနှစ်ခုကို လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ထုတ်ပေးရေး၊ အသေးစား ငွေရေးကြေးရေး ကုမ္ပဏီများ ပြည်တွင်းပြည်ပ ချေးငွေရယူခွင့်ပြုရေး အတည်ပြုရန် အချက်များဖြစ်သည့် အသေးစား ငွေရေးကြေးရေး ကုမ္ပဏီများ နယ်မြေတိုးချဲ့မှု၊ မတည်ငွေရင်းထည့်ဝင်မှု၊ အစုရှယ်ယာထည့်ဝင်မှုနှင့် ဒါရိုက်တာ ဘုတ်အဖွဲ့ပြောင်းလဲမှု အပါအဝင် ကြီးကြပ်မှုကော်မတီက ဆွေးနွေးဆုံးဖြတ်ရန် အချက်များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ မြန်မာနိုင်ငံ အသေးစား ငွေရေးကြေးရေး လုပ်ငန်းများအသင်းမှ အသေးစား ငွေရေးကြေးရေးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အသွေး တည်ဆောက်မှု သင်တန်းများ ဖွင့်လှစ်ပို့ချမှု၊ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုနှင့် အသေးစား ငွေရေးကြေးရေး လုပ်ငန်း ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ အသေးစား ငွေရေးကြေးရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီက ဖြည့်ဆည်းဆောင်ရွက်ပေးရန် အချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာသူ ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးကြပြီး ဆုံးဖြတ်မှုများ ဆောင်ရွက်ကြသည်။ အစည်းအဝေးတွင် အသေးစား ငွေရေးကြေးရေး လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ခွင့်ပြုသည့် ပြည်တွင်းကုမ္ပဏီ တစ်ခု၊ ပြည်ပကုမ္ပဏီ တစ်ခု၊ အပ်ငွေ လက်ခံခြင်း ဆောင်ရွက်ခွင့်ပြုသည့် ကုမ္ပဏီ နှစ်ခု၊ မတည်ငွေ တိုးမြှင့်ခွင့်ပြုသည့်ကုမ္ပဏီ သုံးခု၊ ကော်ပိုရိတ် အသက်အာမခံ ကိုယ်စားလှယ်ခွင့်ပြုမှု နှစ်ခု၊ နယ်မြေတိုးချဲ့သည့် ကုမ္ပဏီ လေးခုတို့ကို ခွင့်ပြု၍ အတည်ပြု မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


