နေပြည်တော်  ဇူလိုင်   ၁၃

ဘောလုံးအားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန်နှင့်  မျိုးဆက်သစ် ဘောလုံး အားကစားသမား များစွာပေါ်ထွက်လာစေရန်ရည်ရွယ်ပြီး  အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန မှ ကြီးမှူး၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသက်  (၁၈)နှစ်အောက်  အမျိုးသား ဘောလုံးပြိုင်ပွဲကို ဇူလိုင် ၁၁ ရက်မှ  ၁၈ ရက်အထိ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊  ကရင်ပြည်နယ်နှင့်  ရှမ်းပြည်နယ်တို့တွင်  ဇုန်လေးခုခွဲ၍  အုပ်စုပတ်လည်ပြိုင်ပွဲ   ပွဲစဉ်များကို   ကျင်းပလျက်ရှိပြီး ရှုံးထွက်ပွဲစဉ်များနှင့်    ဗိုလ်လုပွဲ   ပွဲစဉ် များကို   ရန်ကုန်မြို့ရှိ  အားကစားကွင်း များတွင်   ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။

ဘောလုံးပြိုင်ပွဲ အုပ်စု(ဃ)၏ အုပ်စုပတ်လည် ပြိုင်ပွဲ ပွဲစဉ်ကို ယနေ့ ညနေ ၃ နာရီတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌  ဆက်လက်ကျင်းပရာ အိမ်ရှင် ရှမ်းပြည်နယ်အသင်း သည်   ဒုတိယပွဲစဉ်အဖြစ်   မကွေးတိုင်းဒေသကြီးအသင်းနှင့် ယှဉ်ပြိုင်ကစားကြသည်။

ထိုသို့ ယှဉ်ပြိုင်ကစားစဉ် ပွဲကစားချိန် ၂၄ မိနစ်၌ ရှမ်းပြည်နယ်အသင်းမှ ကျောနံပါတ် (၉) ခွန်ဟိန်းသူအောင်က ပထမဦးဆောင်ဂိုးကို သွင်းယူခဲ့ပြီး မကွေးတိုင်းဒေသကြီးအသင်းကလည်း  ပြန်လည်ချေပဂိုးရရှိရေးအတွက် အသင်းနှစ်သင်းသည် ပွဲစဉ်တစ်လျှောက် အကြိတ်အနယ် ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြကာ ပြိုင်ပွဲအပြီးတွင် ရှမ်းပြည်နယ်အသင်းက မကွေးတိုင်းဒေသကြီး အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့်  အနိုင်ရရှိခဲ့သည်။

အဆိုပါပြိုင်ပွဲသို့  ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ပြိုင်ပွဲကျင်းပရေးဆိုင်ရာ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန် ရှိသူများအပါအဝင် ဘောလုံးအားကစားဝါသနာရှင် ပွဲကြည့်ပရိသတ် ၂၀၀၀ ခန့် တစ်ခဲနက် လာရောက်ကြည့်ရှုအားပေးကြသည်။

ဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များအဖြစ် ဇူလိုင် ၁၄ ရက် မွန်းလွဲ ၃ နာရီမှစတင်၍ ပဲခူးတိုင်း ဒေသကြီး ပဲခူးမြို့ အားကစားဥယျာဉ်ကွင်းတွင် ပဲခူးတိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်း ဒေသကြီးအသင်းတို့သည်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကိုးသိန်းအားကစား ကွင်းတွင် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့်  ပြည်ထောင်စု နယ်မြေ        နေပြည်တော်အသင်း တို့သည် လည်းကောင်း၊   ကရင်ပြည်နယ်   ဘားအံမြို့   ဇွဲကပင်အားကစားကွင်းတွင်    ကရင်ပြည်နယ်အသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့သည်လည်းကောင်း ဆက်လက် ယှဉ်ပြိုင်သွားကြမည်ဖြစ်သဖြင့် အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် အခမဲ့လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။                                              

သတင်းစဉ်