ပင်လည်ဘူး ၁၅  ဖေဖော်ဝါရီ  


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ပင်လည်ဘူးမြို့၌ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ ဆံပင်၊ မိတ်ကပ် အလှပြင် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၁၀ နာရီ အချိန်က အဆိုပါရုံး၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလှိုင်၊  မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးခိုင်လင်းနိုင်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ဦးစီးမှူး ဦးသက်ထွန်းဇော်၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သင်တန်းသူများ တက်ရောက်ကြောင်း သိရသည်။


အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသန်းလှိုင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင်တို့က အမှာစကား ပြောကြားပြီးနောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်ထွန်းဇော်က အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု အခြေခံ ဆံပင်၊ မိတ်ကပ် အလှပြင် သင်တန်း ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။


ထို့နောက်  မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးခိုင်လင်းနိုင်နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်ထွန်းဇော်တို့က သင်တန်းသူများအား သင်တန်းသင်ထောက်ကူ ဆံပင်၊ မိတ်ကပ်အလှပြင် ပစ္စည်းများ ပေးအပ်ကာ အဆိုပါ သင်တန်းကို သင်တန်းသား ၁၀ ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ဖေဖော်ဝါရီ ၁၅ မှ ၂၄ ရက်နေ့ထိ ၁၀ ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


မျိုးလွင်(ပင်လည်ဘူး)