မြန်အောင် ၂၇ ဖေဖော်ဝါရီ
ဧရာဝတီတိုင်းဒေသကြီးလူမှုဖူလုံရေးအဖွဲ့မှ လူမှုဖူလုံရေးအကျိုးခံစားခွင့်များအား ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီ ထုတ်ပေးခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၂၇ ရက် နံနက်က ဟင်္သာတခရိုင် မြန်အောင်ရေနံမြေ ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချိုချိုက အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံများမှ ဝန်ထမ်းများ၊ အလုပ်သမားများရရှိနိုင်မည့် လူမှုဖူလုံရေး အကျိုးခံစားခွင့်များ အကြောင်းနှင့် အဆိုပါ ထောက်ပံ့ငွေများ ပေးအပ်ရခြင်း အကြောင်းကို လူမှုဖူလုံရေးအဖွဲ့ ဧရာဝတီတိုင်းဒေသကြီး တာဝန်ခံအရာရှိ ဒေါ်လွင်လွင်မြင့်က ရှင်းလင်းပြောကြားပြီး မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း မြန်အောင်ရေနံမြေမှ အသဲအစားထိုးကုသမှုခံယူခဲ့ရရသည့် အာမခံ အလုပ်သမား ဦးတိုးလွင်၏ပြင်ပမှ ဝယ်ယူအသုံးပြုခဲ့သည့် ဆေးဖိုး ကုန်ကျငွေကျပ် ၉၆၇၆၀၃၄ အား ဦးတိုးလွင်၏ ကိုယ်စား သမီးဖြစ်သူ ဒေါ်မြတ်မွန်အေးထံ ထုတ်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက်မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးကိုကိုဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းဇော်ထွန်း(မြန်မာစာ)


