ပြုံယမ်း ဇန်နဝါရီ ၇

မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းမီဒီယာက မြောက်ကိုရီးယားနိုင်ငံသည် အသံထက်မြန်သည့် ဒုံးကျည်ကို ပစ်ခတ်စမ်းသပ်ခဲ့ကြောင်း အတည်ပြုထုတ်ပြန်ဖော်ပြခဲ့သည်။

အာဏာရ အလုပ်သမားပါတီ သတင်းစာ ရိုဒွန်ဆင်မွမ်က ကာကွယ်ရေးသိပ္ပံအကယ်ဒမီက အဆိုပါစမ်းသပ်မှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ထို့အပြင် အဆိုပါဒုံးကျည်သည် ကီလိုမီတာ ၇၀၀ ခန့်ကို ပစ်ခတ်နိုင်ကြောင်းနှင့် ရည်ရွယ်ထားသည့် ပစ်မှတ်ကို ထိမှန်အောင် ပစ်ခတ်နိုင်ကြောင်း ဆက်လက် ဖော်ပြထားသည်။ အဆိုပါ ဒုံးကျည်ပစ်လွှတ်စမ်းသပ်မှုကို ဂျန်ဂန်ပြည်နယ်တွင် ပြုလုပ်ခဲ့ပြီး ဒုံးကျည်ကို ပင်လယ်ဘက်သို့ ပစ်လွှတ်စမ်းသပ်ခဲ့သည်။ အသံထက်မြန်သော ဒုံးကျည်ကို အသံထက်ငါးဆမြန်စေရန် ပုံဖော်ထုတ်လုပ်ထားသည်။ အဆိုပါ ဒုံးကျည်သည် အမြင့်ပေနိမ့်နိမ့်တွင် အချိန်ကာလကြာမြင့်စွာ ပျံသန်းနိုင်ရန်နှင့် ခြေရာမခံနိုင်အောင် ပုံစံ ပြုလုပ်ထားသည်။ အမေရိကန်ပြည်ထောင်စု၊ ရုရှား၊ တရုတ်နိုင်ငံတို့သည် အသံထက်မြန်သော ဒုံးကျည်များကို လုပ်ဆောင်နေသည့် နိုင်ငံများ ဖြစ်သည်။

မြောက်ကိုရီးယားသည် စက်တင်ဘာလက အလားတူစမ်းသပ်မှုပြုလုပ်ခဲ့သည်။ လွန်ခဲ့သောနှစ်က မြောက်ကိုရီးယားသည် ငါးနှစ်ကြာ ကာကွယ်ရေးအစီအစဉ် တစ်ခုပြုလုပ်ခဲ့သည်။ အဆိုပါအစီအစဉ်တွင် ဒုံးကျည် အမျိုးအစားပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရန် ပါဝင်သည်။ အောက်တိုဘာလက မြောက်ကိုရီးယားနိုင်ငံသည် ရေငုပ်သင်္ဘောပစ်ဒုံးကျည်ကို စမ်းသပ်ခဲ့သည်။

အင်န်အိတ်ချ်ကေ