ရန်ကုန် ဒီဇင်ဘာ ၄

 

မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်၏ လမ်းညွှန်မှုဖြင့် အထက်မြန်မာပြည် ဂေါက်သီးအားကစားအဖွဲ့ချုပ် ဆပ်ကော်မတီက ကြီးမှူးကျင်းပသည့် အထက်မြန်မာပြည် Amateur Open 2025 ဂေါက်သီးရိုက်ပြိုင်ပွဲ တတိယနေ့နှင့် ဆုချီးမြှင့်ပွဲကို ယနေ့တွင် မန္တလေးမြို့ရှိ ရွှေမန်းတောင်ဂေါက်ကွင်း၌ ကျင်းပသည်။

 

ပြိုင်ပွဲများအပြီးတွင် ဝါသနာရှင်အဆင့်(အမျိုးသမီး) ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ရာ အထက်မြန်မာပြည် ဂေါက်သီးအားကစား ဆပ်ကော်မတီဒုတိယဥက္ကဋ္ဌ ဦးရွှေမြင့်က တတိယဆုရရှိသော ပြုံးပြုံးထွေး၊ အထက်မြန်မာပြည် ဂေါက်သီးအားကစားဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက ဒုတိယဆုရရှိသော နန္ဒလင်းတို့အား ဆုပေးအပ်ချီးမြှင့်ပြီး မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့် အထက်မြန်မာပြည် ဂေါက်သီးအားကစားအဖွဲ့ချုပ် ဆပ်ကော်မတီဥက္ကဋ္ဌ ဦးတင်ကိုကိုက ပထမဆုရရှိသော ခင်ဇာနည်အောင်အား ပထမဆုဖလားနှင့် အထက်မြန်မာပြည် Amateur Open ချန်ပီယံဆုဖလား ပေးအပ်ချီးမြှင့်သည်။

 

ထို့နောက် ဝါသနာရှင်အဆင့်(အမျိုးသား)ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ရာ အထက်မြန်မာပြည် ဂေါက်သီးအားကစားဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးလှစိုးဦးက စုစုပေါင်းရိုက်ချက် ၂၂၁ ချက်ဖြင့် တတိယဆုရရှိသော ဟိန်းနိုင်ဇင်၊ အထက်မြန်မာပြည် ဂေါက်သီး အားကစား ဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစိုး(ရွှေဝါတောင်)က ဒုတိယ ဆုရရှိသော သက်ထူးဇင်တို့အား ဆုချီးမြှင့်ပြီး မြန်မာနိုင်ငံ ဂေါက်သီး အားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့် အထက်မြန်မာပြည် ဂေါက်သီး အားကစားအဖွဲ့ချုပ် ဆပ်ကော်မတီဥက္ကဋ္ဌ ဦးတင်ကိုကိုက ပထမဆုရရှိသော ကောင်းထိုက်ဇော်အား ပထမဆုဖလားနှင့် အထက်မြန်မာပြည် Amateur Open ချန်ပီယံဆုဖလား ပေးအပ်ချီးမြှင့်သည်။(အပေါ်ပုံ)

 

ယခုပြိုင်ပွဲသို့ ဝါသနာရှင်အဆင့် (အမျိုးသား) ၂၀၈ ဦး၊ ဝါသနာရှင်အဆင့် (အမျိုးသမီး) ၈၀ စုစုပေါင်း ၂၈၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒီဇင်ဘာ ၂ ရက်မှ ၄ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့သည်။

သတင်း - မောင်စံကြီး၊ ဓာတ်ပုံ - MGF