ဘားအံ၊ မိုးကုတ်နှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် ဇွန် ၂၀ 

ဘားအံ၊ မိုးကုတ်နှင့် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဇွန် ၁၈ ရက် မွန်းတည့် ၁၂ နာရီတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၅၃)ရပ်ကွက်ရှိ တင်ကိုကို (ခ)ကုလား ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ မျိုးကိုကို(ခ)ဖိုးသီးကို တွေ့ရှိရပြီး ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ကိုလည်းကောင်း၊ အလားတူ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဇွန် ၁၉ ရက် နံနက် ၉ နာရီခွဲတွင် ဘားအံ မြို့နယ်၊ လှာကဒေါင်ကျေးရွာအုပ်စု၊ တောင်နားကျေးရွာအနီးရှိ ဘားအံ-မြဝတီသွားကားလမ်းတွင် အစာ မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ကိုလည်းကောင်း၊ ထို့ပြင် ယင်းနေ့ ညနေ ၅နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မိုးကုတ်မြို့နယ်၊ ရေပူကျေးရွာအုပ်စု၊ ဆတ်အင်းပြန့် ကျေးရွာအနီးတွင် ဂျော်ရိန်ဂွန်း မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၇၅၀ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ည ၇ နာရီခွဲတွင် မိုးကုတ်မြို့နယ်၊ ရေပူကျေးရွာအုပ်စု၊ ဘော်ဗဒန်း ကျေးရွာအနီးရှိ တံတားတွင် စိတ်ကြွရူးသွပ် ဆေးပြားများလက်ခံရန် စောင့်ဆိုင်းနေသူ ကြည်ခိုင်ကို ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထား ကြောင်း သိရသည်။

သတင်းစဉ်