ဘားအံ ၂၅ ဖေဖော်ဝါရီ
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း(Public Talk)ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ဘားအံတက္ကသိုလ် ခန်းမ၌ ကျင်းပသည်။
ရှေ့ဦးစွာ ဘားအံတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာသန်းသန်းမြင့်က အဖွင့်အမှာစကာပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဒေါ်ခင်စောလင်းက ပြည်သူ့စကားဝိုင်း (Public Talk) ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။
ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲတွင် မူးယစ်ဆေးသုံးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်းမှ ဦးစံရှိန်က အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ပြီး လူမှုဝန်ထမ်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးဇော်မင်း၊ ဘားအံခရိုင် ဥပဒေ အရာရှိ ဦးစောစံဝင်း၊ ဘားအံခရိုင် အမှတ်(၃၁)မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူးသန်းမင်း၊ စိတ်ရောဂါအထူးကုဆရာဝန်ကြီး ဒေါက်တာစိုင်းကျော်ခမ်းလောင်၊ ကျောင်းသား လူငယ်ထု-သံတမန် ဟာသသရုပ်ဆောင် ဦးချစ်ချောတို့က မူးယစ်ဆေးဝါး၏အန္တရာယ်ကြီးမားပုံ၊ မူးယစ်ဆေးဝါးအမျိုးအစားများနှင့် ဆိုးကျိုးများ၊ ပစ်မှုနှင့်ပစ်ဒဏ်များ၊ ဆေးစွဲသူတို့၏လက္ခဏာများ၊ ကျောင်းသား/သူများအသိနှင့်သတိရှိသင့်ပုံ၊ ပြည်နယ်အတွင်း မူးယစ်ဆေးဝါးတာဆီးနှိမ်နှင်းရေးနှင့် ပညာပေးဆောင်ရွက်မှုများ၊ ဆေးစွဲသူလူနာများအား ကုသရေး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဥပဒေ၊ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေး ဆိုင်ရာများကို အသီးသီးဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဘားအံတက္ကသိုလ် မေဂျာပေါင်းစုံမှ ကျောင်းသား/သူများက သိရှိလိုသည်များနှင့် မရှင်းလင်းသည် များအား အပြန်အလှန်မေးခွန်းများမေးမြန်း၍ ဆွေးနွေးခဲ့ကြပြီး အဆိုပါစကားဝိုင်းဆွေးနွေးပွဲသို့ ဘားအံတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူ၊ ဆရာ ဆရာမ ၇၀ဝ ခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


