ရန်ကုန် ဒီဇင်ဘာ ၂၁
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိကြသည့် တပ်မတော်သားများအား ဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့၏ နဝမအကြိမ်မြောက် ဒါနဥပပါရမီ စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အမှတ်(၁) တပ်မတော်ဆေးရုံကြီး (ခုတင်- ၁၀၀၀) မင်္ဂလာဒုံ၌ ကျင်းပသည်။
အခမ်းအနားသို့ အမှတ်(၁) တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)မှတပ်မှူး ဗိုလ်မှူးချုပ်မြင့်ဇော်နှင့် အရာရှိ/စစ်သည်များ၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)ဥက္ကဋ္ဌ ဦးဝဏ္ဏ၊ ဗဟိုကော်မတီအတွင်းရေးမှူးများ၊ ဗဟိုအမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် ဗဟိုတာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးဥက္ကဋ္ဌ၊ တိုင်းဒုတိယဥက္ကဋ္ဌများ၊ တိုင်းအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ခရိုင်ဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် သွေးလှူရှင် ၁၀၂ ဦးတို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် အမှတ်(၁) တပ်မတော် ဆေးရုံကြီး(ခုတင်-၁၀၀၀)မင်္ဂလာဒုံမှ တပ်မှူးနှင့် တာဝန်ရှိသူများက သွေးအလှူရှင်များအား နံနက်စာကျွေးမွေးဧည့်ခံပြီး ကြက်ဥ၊ ဆေးဝါးနှင့် အာဟာရဖြည့်စွက်စာများ၊ အားဖြည့်အချိုရည်များ ပေးအပ်လှူဒါန်းသည်။ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ကလည်း အမှတ်တရအင်္ကျီ၊ သောက်ရေသန့်၊ ထောက်ပံ့လှူဒါန်းငွေတို့ကို ပေးအပ်ခဲ့ကာ နေ့လယ်စာဖြင့် ကျွေးမွေးလှူဒါန်းခဲ့သည်။ ယင်းနောက် အမှတ်(၁) တပ်မတော်ဆေးရုံကြီး တပ်မှူးက ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့အား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
နိုင်လင်းအောင်(ပြန်/ဆက်)


