ဘောလခဲမြို့ရှိ ပွန်ချောင်းရေ စံချိန်တင်ကျဆင်းလျက်ရှိ

ဘောလခဲ ၃၁ ဒီဇင်ဘာ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့ရှိ ပွန်ချောင်းရေသည် ထူးကဲစွာ ကျဆင်းနေပြီး ရေအောက် ကျောက်ဆောင်များ ပေါ်ထွက်သည့်အထိ ဖြစ်ပေါ်နေသည်။

ပွန်ချောင်းရေသည် နှစ်စဉ် မေလမှသာ ပုံမှန်ကျဆင်းနေလျှက်ရှိရာ ယခုနှစ်တွင် ထူးခြားစွာ ဒီဇင်ဘာလမကုန်ခင် ကပင် ကျဆင်းနေသည့်အတွက် ဘောလခဲမြို့နေ ဒေသခံပြည်သူများမှာ စိုးရိမ်မှုများရှိနေကြသည်။

သဘာဝပတ်ဝန်းကျင် ပျက်စီးလာမှုနှင့်အညီ စည်းကမ်းမဲ့စွာ တောမီးရှို့မှု၊ ပလတ်စတစ် အမှိုက်သရိုက်များ စည်းကမ်းမဲ့ စွန့်ပစ်မှု၊ ရေထွက်များတွင် သစ်တောများအား ခုတ်ထွင်ခဲ့မှုများတို့ကြောင့် ယခုကဲ့သို့ ပွန်ချောင်းရေ လျော့နည်းလာရခြင်းဖြစ်မည်ဟု ဒေသခံများက သုံးသပ်လျက်ရှိသည်။

ရာသီဥတုအနေအထားအရ နှစ်စဉ်ပုံမှန်ထက် မိုးရွာသွန်းမှုနည်းပါးခြင်း၊ ဆောင်းကာလ နှင်းများမကျခြင်းကြောင့် ပြောင်းလဲလာသော သဘာဝရေမြေအနေအထားအရ ယခုကဲ့သို့ စံချိန်တင် ကျဆင်းနေရခြင်းဖြစ်နိုင်ကြောင်း ဘောလခဲမြို့ ကယားပိုင်းရပ်ကွက်နေဒေသခံ ဦးဘူးရယ်ထံမှ  ကြားသိခဲ့ရသည်။

လှရွှေ