ဘောလခဲ ၁၆ ဖေဖော်ဝါရီ
စိုက်ပျိုးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး တောင်သူနည်းပညာပေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက ဘောလခဲမြို့ မြို့လယ်ဓမ္မာရုံ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်မှူးက (Fall Armywor) ငမြောင်တောင်ပိုး ကျရောက်သည့်လက္ခဏာများနှင့် အဆင်ဆင့် ဆောင်ရွက်ရပုံကို ရှင်းလင်းဆွေးနွေးပြီး ပြည်နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးခန့်မှ ထပ်ဆင့်ရှင်းလင်း ပြောကြားခဲ့သည်။ ယင်းနောက် ပြည်နယ်ပိုးမွှားတာဝန်ခံ ဒေါ်ဝါဝါရွေက မျိုးစိတ်ပျံ့ပွားစေသော ပြသာနာ၊ မူရင်းဒေသနှင့် ပျံ့နှံ့ပုံ၊ စားသောက်ပျက်စီးသော အပင်များ၊ ငမြောင်ပိုး၏ ဘဝစက်ဝန်း၊ (ဖော)လောက်ကောင်ကို ကွင်းဆင်းခွဲခြားခြင်း၊ ဖလံကောင်ကိုခွဲခြားခြင်း၊ ငမြောင်တောင်ဖျက်ဆီးပုံ လက္ခဏာများ၊ ဇီဝနည်းဖြင့် ကာကွယ်ခြင်း၊ စိုက်နည်းစနစ်ဖြင့် ကာကွယ်ခြင်း စသည့်အကြောင်းအချက်များကို ဆွေးနွေးရှင်းလင်းခဲ့ရာ တက်ရောက်လာသော တောင်သူများက သိရှိလိုသည်များ မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဘောလခဲမြို့နယ်စခန်မှူး ဒုရဲမှူးဦးဝင်းမြင့်က ယာဉ်စည်းကမ်း လမ်းစည်းကမ်းများနှင့် ပတ်သက်၍ လိုက်နာကျင့်သုံးရမည့် အကြောင်းကို ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ကြောင်း သိရသည်။
ဖိုးရယ်(ဘောလခဲ)


