စစ်တွေ  ၁၅  ဖေဖော်ဝါရီ 

 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM)တို့ ပူးပေါင်းကျင်းပသည့် ဘေးအန္တရာယ် ကင်းရှင်းပြီး တရားဝင် စနစ်တကျရွှေ့ပြောင်းသွားလာနေထိုင်ခြင်းမျိုးဖြစ်စေရေး အလုပ်ရုံဆွေးနွေး ပွဲကို ဖေဖော်ဝါရီ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် စစ်တွေမြို့ရှိ Royal Sittwe Hotel ၌ ကျင်းပခဲ့သည်။

 

အလုပ်ရုံဆွေးနွေးပွဲကို တရားမဝင်ရွှေ့ပြောင်းသွားလာခြင်းကြောင့် ကြုံတွေ့ရတတ်သည့် အန္တရာယ်နှင့် စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် အထောက်အကူဖြစ်စေရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းပြီး တရားဝင် စနစ်တကျရွှေ့ပြောင်းသွားလာနေထိုင်ခြင်းမျိုး ဖြစ်စေရန် အတွက် စီမံပံ့ပိုးလုပ်ဆောင်ကြရာတွင် အထောက်အကူပြုနိုင်ရန် ရည်ရွယ်လျက် ရခိုင်ပြည်နယ် အတွင်းရှိ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နေကြသည့် ဌာနဆိုင်ရာ များနှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်း ဖြစ်ကြောင်းသိရသည်။

 

“ရခိုင်ပြည်နယ်မှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပုံမှန်မဟုတ်တဲ့ ရွှေ့ပြောင်းသွားလာမှုနဲ့ ပတ်သက်ပြီး ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဘယ်လိုအကောင်းဆုံး ဖြေရှင်းနိုင်မလဲဆို တာကို ဆွေးနွေးတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ဟာ ပုံမှန်မဟုတ်တဲ့နည်းလမ်းနဲ့ ရွှေ့ပြောင်းသွားလာသူတွေ များတဲ့ ပြည်နယ်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ တရားမဝင်နည်းနဲ့ သွားတဲ့သူတွေဟာဆိုရင် ခေါင်းပုံဖြတ် ခံရတယ်၊ လူ့အခွင့်အရေးတွေချိုးဖောက်ခံရတယ်။ အဆိုးဆုံးကတော့ လူကုန်ကူး ခံရတဲ့အခြေအနေတွေနဲ့လည်း ကြုံတွေ့ရပါတယ်” ဟု IOM မြန်မာအဖွဲ့အစည်းအကြီးအကဲ Mr. Akio Nakayama က ပြောသည်။

 

ဆက်လက်၍၎င်းက “ရွှေ့ပြောင်းသွားလာမှုက တစ်ကမ္ဘာလုံးမှာဖြစ်နေတာပါ။ ရခိုင်ပြည်နယ် တစ်ခုတည်းတော့မဟုတ်ဘူး။ ဘာဖြစ်လို့ဒီလိုမျိုး ဖြစ်ရတာလဲဆိုရင် သူတို့တွေအနေနဲ့ သတင်း အချက်အလက်တွေမရဘူး။ အသိပညာမရှိဘူး။ ပုံမှန်အခြေအနေနဲ့သွားမယ်ဆိုရင်လည်း ဘယ်လို သွားရတယ်ဆိုတာကိုမသိဘူး။ လူဝင်မှုကြီးကြပ်ရေးနဲ့ပတ်သက်ပြီး အရမ်းတင်းကြပ်တဲ့ မူဝါဒတွေက သူတို့သွားမယ့်နိုင်ငံမှာ ချမှတ်ထားတယ်ဆိုရင် လိုက်နာလို့မဖြစ်နိုင်တဲ့အခါ ရတဲ့နည်းလမ်းနဲ့ သွားတာ ဖြစ်တယ်။ မိမိနိုင်ငံကဆိုရင်လည်း သူတို့ကို တရားဝင်သွားဖို့ပံ့ပိုးပေးတဲ့ ယန္တရားတွေက နည်းနည်း  အားနည်းတာမျိုးဆိုရင် ပုံမှန်မဟုတ်တဲ့နည်းလမ်းနဲ့သွားတာတွေ များတယ်။ ဒါကတစ်ကမ္ဘာလုံးမှာ ဖြစ်နေတာဖြစ်တယ်။ အဲဒါကိုကြိုတင်ကာကွယ်ဖို့ဆိုရင် အသိပညာပေးတာတွေ သင်တန်းပေး တာတွေ၊ ဝန်ဆောင်မှုပေးတာတွေ လုပ်ပေးဖို့လိုတယ်” ဟုပြောသည်။ 

 

ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ်မှ ပုံမှန်မဟုတ်သည့် ရွှေ့ပြောင်းသွားလာမှုများအား မည်သို့မည်ပုံ ကြိုတင်တားဆီးကာကွယ်နိုင်မည်ဆိုသည့်အကြောင်းရင်းများ၊ တရားဝင်နည်းလမ်း ဖြင့်သွားမည်ဆိုပါက မည်ကဲ့သို့သွားရောက်နိုင်သည်နှင့် ရွှေ့ပြောင်းသွားလာမည့်သူများအနေဖြင့် ထိုသို့မသွားရောက်မီ သိသင့်သိထိုက်သည့် သတင်းအချက်အလက်များ သိရှိပြီးမှ မှန်ကန်သည့် ဆုံးဖြတ်ချက် ချမှတ်နိုင်စေရန်အတွက် အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ယခုအလုပ်ရုံဆွေးနွေးပွဲကို IOM မှတာဝန်ရှိသူများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက် /ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် လူမှုအဖွဲ့အစည်းများ ပါဝင် ဆွေးနွေးကြပြီး ဥရောပသမဂ္ဂ၏ထောက်ပံ့မှုဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်မှ ရွှေ့ပြောင်း သွားလာလုပ်ကိုင်သူများအနေဖြင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံနှင့် မလေးရှား နိုင်ငံတို့သို့ အများဆုံးသွားရောက်လုပ်ကိုင်ကြကြောင်း သိရသည်။ 

 

(ဟန်လင်းထက်၊ ဓာတ်ပုံ-ဝင်းမင်းစိုး)

 

1.10.