နေပြည်တော် ၂၆ ဖေဖော်ဝါရီ 


ရပ်ကွက်/ကျေးရွာများအတွင်း ပြည်သူလူထုများ သဘာဝဘေးဆိုင်ရာ အသိပညာတိုးပွားစေရေး၊ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု လုပ်ငန်းများကို ကိုယ်တိုင် ထိထိရောက်ရောက် ပါဝင်ပူးပေါင်း ဆောင်ရွက်နိုင်ရန်အတွက် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း (ဆင့်ပွား) သင်တန်း (၁/၂၀၁၉) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉  နာရီတွင် ဒက္ခိဏသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် နေပြည်တော် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦစီးဌာန တိုင်းဦးစီးမှူး ဦးကျော်ကျော်ထွန်း က သင်တန်းဖွင့်လှစ် ပေးရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါ သင်တန်းတွင် ဒက္ခိဏသီရိမြို့နယ် အတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ ဘေးအန္တရာယ် လျှော့ပါးရေးဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ စိတ်ပါဝင်စားသူများ  စုစုပေါင်း သင်တန်းသား ၃၀ တို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဝေါဟာရများ၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ သဘောတရားများ၊ ရပ်ရွာလူထု အခြေခံသော ဘေးအန္တရာယ်စီမံခန့်ခွဲမှု၊ ထိတွေ့နိုင်ခြေနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ဖွဲ့စည်းဆောင်ရွက်ထားရှိမှု၊ ကနဦးလိုအပ်ချက်များ အကဲဖြတ်ဆန်းစစ်ခြင်း၊ ရှေးဦးသူနာပြုစုနည်းများ၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး၊ ကာကွယ်စောင့်ရှောက်မှုများအား အဖွဲ့လိုက်ဆောင်ရွက်ခြင်း စသည့်ဘာသာရပ်များကို ၃ ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ထွန်းထွန်းဝင်း(ပြန်/ဆက်)