၂၉  ဇူလိုင်


အသားအရေထိန်းသိမ်းဖို့ လူကြီးတွေပဲ လိုအပ်တာလား။ မဟုတ်ဘူးနော်။ အရွယ်သုံးပါးစလုံးလိုအပ်တာပါ။ ဒါဆို ဘေဘီလေးတွေလည်း လိုအပ်တာပေါ့ဆိုရင် ဟုတ်တာပေါ့လို့ ပြန်ဖြေပါရစေနော်။ ဘေဘီလေးတွေ ရေနွေးနဲ့ရေချိုးမိလို့၊ ရေကျောက်ပေါက်လို့စတဲ့ အရေပြားပြဿနာတစ်စုံတစ်ခု ခံစာရတာကြောင့် အသားတွေ မဲသွားတဲ့အခါ အသားပြန်ဖြူမလာမှာကို စိုးရိမ်မိတယ်ဟုတ်။ ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းလေးတွေ ရှိပါတယ်။


အသားဖြူဖို့ ပေါင်းတင်ရအောင် ဘေဘီလေးတို့ရေ နဂိုညိုမဟုတ်တဲ့ ဘေဘီလေးတွေအတွက် အသားဖြူစေမှာ အသေအချာပါ။


နနွင်းနဲ့နို့


နို့က အသားဖြူဝင်းစေတဲ့ သဘာဝပစ္စည်းတစ်ခုပါ။ အရေပြားအတွက် လိုအပ်တဲ့ အာဟာရတွေကိုလည်း ဖြည့်ပေးနိုင်ပါတယ်။ ဗီတာမင်အေပါဝင်တာကြောင့် အရေပြားဆဲလ်တွေကို ကျန်းမာစေနိုင်ပါတယ်။ နနွင်းနဲ့နို့ကို ခပ်ပျစ်ပျစ်လေးဖျော်ပြီး ကလေးကိုယ်အနှံ့မှာ လူးပေးပါ။ ပြီးရင် ခြောက်တဲ့ အထိထားလိုက်ပါ။ နောက်ဆုံးအဆင့်ကတော့ ရေစွတ်ထားတဲ့ တဘက်လေးနဲ့ ခပ်ဖွဖွလေးသုတ်ပေးလိုက်ပါ။ ပြီးရင် ဆပ်ပြာမသုံးဘဲ ကလေးကို ရေချိုးပေးလိုက်ပါ။ တစ်ပတ်တစ်ကြိမ်လောက်လုပ်ပေးမယ်ဆိုရင် ကလေးက သိသိသာသာ အသားဖြူလာမှာပါ။


ဒိန်ချဉ်နဲ့ခရမ်းချဉ်သီး


ခရမ်းချဉ်သီးက အသားအရေကို လင်းလက်စေတဲ့ အာနိသင်အပြည့်ရှိတာ သိပြီးဖြစ်မှာပါ။ ခရမ်းချဉ်သီးကို အရည်ကြိတ်လိုက်ပါ။ ပြီးရင် ဒိန်ချဉ်နဲ့ရောလိုက်ပါ။ အုတ်ဂျုံနည်းနည်းထည့်ပေးရင် ပိုအဆင်ပြေပါတယ်။ ပြီးရင်တော့ ကလေးရဲ့ အသားအရေပေါ်မှာ လူးပေးပြီး ခြောက်တဲ့ အထိထားလိုက်ပါ။ ခြောက်သွားရင် ရေစိုတဘက်လေးနဲ့ ခပ်ဖွဖွသုတ်လို့ ဆပ်ပြာမသုံးဘဲ ရေချိုးပေးပါ။ အဆီထုတ်ဒိန်ချဉ်က ပိုအဆင်ပြေမှာပါ။


အုန်းဆီ


ကလေးအသားအရေကို သဘာဝ အုန်းဆီစစ်စစ် သုံးပြီးနှိပ်နယ်ပေးတာက အသားအရေကို ဖြူစင်ဝင်းပ လာစေမယ့် သဘာဝနည်းလမ်းတစ်ခုပါ။ ကလေးကို အုန်းဆီခပ်နွေးနွေးလေးသုံးလို့ နေ့စဉ် နှိပ်နယ်ပေးပါ။


မန်ကျည်းသီး


မန်ကျည်းသီးမှည့်ကို အနှစ်တိုက်လို့ အသားပေါ်မှာလူးပေးပြီး ခြောက်တဲ့အထိထားလိုက်ပါ။ ပြီးရင် ဆပ်ပြာမသုံးဘဲ ရေချိုးပေးလိုက်ပါ။ တစ်ပတ်တစ်ကြိမ်လုပ်ရုံနဲ့ သိသာလာမှာပါ။


ရှားစောင်းလက်ပပ်


ရှားစောင်းလက်ပပ်အနှစ်ကို အသားပေးမှာ လူးပေးပြီး ခြောက်တဲ့အထိထားပါ။ ပြီးရင် တဘက်ရေစိုလေးနဲ့ ခပ်ဖွဖွသုတ်ပေးပါ။


ကလေးကို ပေါင်းတင်ပေးတဲ့အခါ နုနယ်သေးတဲ့ အသားအရေလေး ထိခိုက်မှုနည်းစေဖို့ သဘာဝပစ္စည်းလေးတွေကိုပဲ သုံးဖို့ မမေ့ပါနဲ့။ ဒီနည်းလေးတွေ သုံးပြီး ကလေးကို အသားဖြူလာအောင် ပေါင်းတင်ပေးပါနော်။ ပေါင်းတင်ပြီးတိုင်း baby lotion လေးလူးပေးဖို့မေမေ့ပါနဲ့။


ဘေဘီလေးအသားဖြူစေဖို့ သိထားသင့်တာအချို့ ရေများများတိုက်ပါ


ရေဓာတ်ကလည်း အသားအရေအတွက် အတော်လေးအထောက်အကူပြုပါတယ်။ ဒါကြောင့် ဘေဘီလေးကို ရေတိုက်ဖို့ မမေ့ပါနဲ့နော်။ ကလေးကို အစားစားပြီးချိန်၊ အိပ်ရာကနိုးလာချိန်တွေမှာ ရေပုံမှန်တိုက်ပေးပါ။


နို့တိုက်ပါ


ကလေးက နွားနို့သောက်လို့ရတဲ့ အရွယ်ရောက်ပြီ။ နွားနို့နဲ့ ဓာတ်မတည့်တာမျိုးလည်း မရှိဘူးဆိုရင် ကလေးကို နေ့စဉ်နွားနို့တစ်ခွက်ပုံမှန်တိုက်ပေးပါ။ နွားနို့သောက်တာကလည်း အသားဖြူစေနိုင်ပါတယ်။


အသီးအနှံတွေကျွေးပါ


ကလေးကို အသားအရေအတွက် အထောက်အကူဖြစ်စေနိုင်တဲ့ မုန်လာဥနီ၊ လိမ္မော်သီး၊ ကိုက်လန်၊ ခရမ်းချဉ်သီး၊ ရွှေဖရုံသီး စတဲ့ သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေကို ကျွေးပေးပါ။


ဒိန်ချဉ်


ဘေဘီလေးက ဒိန်ချဉ်သောက်လို့ရတဲ့ အရွယ်ရောက်ပြီဆိုရင်လည်း ဘေဘီလေးကို ဒိန်ချဉ်တိုက်ပေးလို့ ရပါတယ်။ ဒီနည်းကလည်း ကလေးကို အသားဖြူစေဖို့ အထောက်အကူပြုနိုင်မှာပါ။


ရေးသားသူ -  Aye Thi Mon


ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win


“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။”