ဟော်ဖန်ဟိမ်းအသင်းနဲ့ဘိုင်ယန် မြူးနစ်အသင်းတို့ စက်တင်ဘာ ၂၀ ရက် ညပိုင်းက ယှဉ်ပြိုင်ကစား ခဲ့တဲ့ ဂျာမန်ဘွန်ဒက်လီဂါ ပွဲစဉ် (၄) မှာ ဘိုင်ယန်မြူးနစ်အသင်းက  ဟော်ဖန်ဟိမ်းအသင်းကို လေးဂိုး- တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

အဲဒီပွဲစဉ်မှာ အဝေးကွင်းကို လာရောက်ကစားရတဲ့ ဘိုင်ယန်မြူးနစ်အသင်းက အိမ်ရှင် ဟော်ဖန်ဟိမ်းအသင်းကို အနိုင်ရရှိခဲ့တာဟာ အခုဂျာမန်ဘွန်ဒက်လီဂါ ဘောလုံးရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ လေးပွဲကစား၊ လေးပွဲစလုံး အနိုင်ရရှိကာ  ရမှတ် ၁၃ မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးမှာ  ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဟော်ဖန်ဟိမ်းအသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် သွင်းဂိုး တွေကို ၄၄ မိနစ်၊ ၄၈ မိနစ် နဲ့ ၇၇ မိနစ်တို့မှာ  တိုက်စစ်မှူး ဟယ်ရီကိန်းက သုံးဂိုးသွင်းယူပေးခဲ့ပြီး သာမန်ပွဲကစားချိန်အပြီး နာကျင်အချိန်ပို ကိုးမိနစ်မှာ ဂျီနာဘရီက တစ်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ဟော်ဖန်ဟိမ်းအသင်းအတွက် ချေပဂိုးတစ်ဂိုးကိုတော့ ဒုတိယပိုင်ပွဲကစားချိန် ၈၂ မိနစ်မှာ ကူဖောလ်က  သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ 

ဘိုင်ယန်မြူးနစ်အသင်းဟာ ဟော်ဖန်ဟိမ်းအသင်းကို အနိုင်ရရှိခဲ့ပြီးနောက် ယခုဘောလုံးရာသီမှာ ရာသီအဖွင့် ဘွန်ဒက်လီဂါလေးပွဲစလုံး အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီဖြစ်ပြီး  ဘိုင်ယန်မြူးနစ် အသင်းတိုက်စစ်မှူး ဟယ်ရီကိန်းကလည်း ယခုဘောလုံးရာသီအတွင်း ဘွန်ဒက်လီဂါပြိုင်ပွဲမှာ ဟက်ထရစ်သွင်းဂိုး နှစ်ကြိမ်မြောက်အထိ သွင်းယူနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းက ဟော်ဖန်ဟိမ်းအသင်းကို အနိုင်ရရှိကာ ဇယားထိပ်မှာ ဦးဆောင်နိုင်ခဲ့ပေမယ့် ဟော်ဖန်ဟိမ်းအသင်းကတော့ ဂျာမန်ဘွန်ဒက်လီဂါပွဲစဉ် လေးပွဲကစားပြီးချိန်မှာ  အဆင့်(၉) နေရာမှာရပ်တည်နေတာ  ဖြစ်ပါတယ်။

ငွေကြယ် - ရေးသားသည်