ဂျာမန်စူပါဖလားဗိုလ်လုပွဲစဉ်အဖြစ် ဩဂုတ် ၁၇ ရက် နံနက် ၁ နာရီက ဂျာမနီနိုင်ငံ  စတုဂတ်မြို့ရှိ  အမ်အိတ်ချ်ပီအရီနာ အားကစားကွင်း၌  စတုဂတ်နှင့်  ဘိုင်ယန်မြူးနစ်အသင်းတို့ ယှဉ်ပြိုင်ကစား ခဲ့ရာ ဘိုင်ယန်မြူးနစ်အသင်းက နှစ်ဂိုး-တစ်ဂိုး ဖြင့် နိုင်ပွဲရပြီး (၁၁) ကြိမ်မြောက် ဗိုလ်စွဲနိုင်ခဲ့သည်။

အဆိုပါပြိုင်ပွဲမှာ   ယမန်နှစ်ရာသီက   ဘွန်ဒက်စ်လီဂါ ချန်ပီယံဖြစ်ခဲ့သည့် ဘိုင်ယန်မြူးနစ်အသင်း နှင့် ဒီအက်ဖ်ဘီပိုကယ် ချန်ပီယံဖြစ်ခဲ့သည့် စတုဂတ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်သည်။  တောင်ပံတိုက်စစ်ကစားသမားသစ်  လူးဝစ်ဒီယက်ဇ်သည်  ဘိုင်ယန်မြူးနစ်အသင်းအတွက်  ပွဲဦးထွက်ပါဝင်ကစားခွင့်ရရှိခဲ့ပြီး  အသင်းအတွက်  အရေးပါသည့်အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ သည်။     

ဘိုင်ယန်မြူးနစ်အသင်းသည် ပွဲစသည်နှင့်တစ်ပြိုင်နက် စတုဂတ်အသင်းဘက်သို့ ထိုးဖောက် တိုက်စစ်ဆင်ကစားခဲ့ပြီး ပွဲချိန် ၁၈ မိနစ်တွင် အသင်းအဓိကတိုက်စစ်ကစားသမား ဟာရီကိန်းက ဦးဆောင်ဂိုး သွင်းယူပေးခဲ့သည်။ ပွဲကစားချိန် ၇၇ မိနစ်တွင် တောင်ပံတိုက်စစ်ကစား သမားသစ် ဒီယက်ဇ်က အသင်းအတွက် ဒုတိယဂိုးသွင်းယူပေးခဲ့သည်။ စတုဂတ်အသင်းအတွက် ချေပဂိုးကို ပွဲကစားချိန်ပြည့်ခါနီးတွင် လီဝယ်လင်းက သွင်းယူပေးခဲ့သည်။

ဘိုင်ယန်မြူးနစ်အသင်း ဂိုးသမား မန်နျူရယ်နူအာ အထူးလက်စွမ်းပြသနိုင်ခဲ့ပြီး ပြိုင်ဘက်အသင်း၏ ဂိုးရရှိနိုင်သည့် အခွင့်အရေးများစွာကို   ကာကွယ်နိုင်ခဲ့သည်။ ထို့ပြင် ၎င်းသည်   ဂျာမန်စူပါဖလား ဆွတ်ခူးရရှိမှုတွင် သောမတ်စ်မူလာ၏  စံချိန်တင်   ရှစ်ကြိမ်ဆွတ်ခူးရရှိမှုကို လိုက်မီခဲ့ပြီဖြစ်သည်။

ဘွန်ဒက်စ်လီဂါပွဲစဉ်အဖွင့်ပွဲစဉ်အဖြစ် လာမည့် ဩဂုတ် ၂၃ ရက်တွင် ဘိုင်ယန်မြူးနစ်အသင်းက လိုက်ပ်ဇစ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး စတုဂတ်အသင်းက ယူနီယံဘာလင်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။                                                        

အောင်ဇော်