ပရီမီယာလိဂ်ပွဲစဉ်(၆)မှ စက်တင်ဘာ ၃၀ ရက် နံနက် ၁ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့သည့် အဲဗာတန်နှင့် ဝက်စ်ဟမ်းအသင်း ပွဲစဉ်တွင် တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျခဲ့သည်။ ရှုံးပွဲဆက်နေသည့် အသင်းအချင်းချင်း တွေ့ဆုံမှုဖြစ်သည့်အတွက် အပြန်အလှန် ထိုးဖောက်တိုက်စစ်ဆင်မှုများဖြင့် အကြိတ်အနယ်ရှိပြီး ပြိုင်ဆိုင်မှုပြင်းထန်ခဲ့သည်။
အဲဗာတန်အသင်းသည် ပွဲကစားချိန် ၁၈ မိနစ်တွင် ရရှိခဲ့သော ခံစစ်ကစားသမား မိုက်ကယ်ကိန်း၏ သွင်းဂိုးဖြင့် ဝက်စ်ဟမ်းအသင်းကို မိနစ် ၆၀ ကျော်အထိ ဦးဆောင်ကစားနိုင်ခဲ့သော်လည်း နိုင်ပွဲရသည်အထိ စွမ်းဆောင်နိုင်ခဲ့ခြင်းမရှိပေ။ ဝက်စ်ဟမ်းအသင်း ဂိုးသမား အရီယိုလာ လက်စွမ်းပြသနိုင်ခဲ့ပြီး အဲဗာတန်အသင်း၏ ဂိုးရရှိနိုင်သည့်အခွင့်အရေးများကို ဟန့်တားကာကွယ်နိုင်ခဲ့သည်။
ဝက်စ်ဟမ်းအသင်းက ချေပဂိုးရရှိရေး ကြိုးပမ်းလာခဲ့ရာ ပွဲကစားချိန် ၆၅ မိနစ်တွင် ရရှိခဲ့သည်။ အဆိုပါ ချေပဂိုးကို ဘိုဝင်က သွင်းယူပေးခဲ့သည်။ တစ်ဖက်တစ်ဂိုးစီ သရေကျပြီးနောက် လူစားပြောင်းလဲမှုများပြုလုပ်ကာ သွင်းဂိုးရရှိရေး ခြေကုန်ထုတ်လာသော်လည်း ပွဲချိန်ပြည့်သည်အထိ တစ်ဖက်နှင့်တစ်ဖက် ထပ်မံဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ပေ။
အဲဗာတန်အသင်းသည် ပရီမီယာလိဂ် ခြောက်ပွဲကစားပြီးချိန်တွင် နှစ်ပွဲနိုင်၊ နှစ်ပွဲသရေနှင့် နှစ်ပွဲရှုံး ရလဒ်ရရှိထားသည်။ ပြိုင်ဘက်ဝက်စ်ဟမ်းအသင်းက တစ်ပွဲနိုင်၊ တစ်ပွဲသရေနှင့် လေးပွဲရှုံးရလဒ်ဖြင့် တန်းဆင်းဇုန်အတွင်း ရပ်တည်နေသည်။ လာမည့်ပွဲစဉ်တွင် အဲဗာတန်အသင်းက ခြေစွမ်းထက်မြက်နေသည့် ခရစ္စတယ် ပဲလေ့စ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ပြိုင်ဘက်ဝက်စ်ဟမ်းအသင်းက နာမည်ကြီး အာဆင်နယ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
အောင်ဇော်


