နေပြည်တော် စက်တင်ဘာ ၂၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် တပ်ကုန်းမြို့နယ် ညောင်လွန့်ကျေးရွာရှိ တောင်သူ ဦးမောင်သင်၏  ပေါင်းစည်း လယ်ယာ ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံတွင် နို့စားနွား၊ ဒေသနွား၊ ဆိတ်နှင့် ဥဘဲ မွေးမြူထားရှိမှု၊ ငါး မွေးမြူထားရှိမှုနှင့် အောင်နိုင်တိုး စပါး ၈၁ ဧက စိုက်ပျိုးထားရှိမှု တို့ကို ကြည့်ရှုအားပေးပြီး ဒေသခံ တောင်သူများနှင့် မွေးမြူရေးသမားများကို စိုက်ပျိုးမွေးမြူရေး လုပ်ငန်းဆိုင်ရာ  လိုက်နာ ဆောင်ရွက်သင့်သည်များကို အကြံပြုဆွေးနွေး ပြောကြားသည်။

ယင်းနောက် တပ်ကုန်းမြို့နယ် ရွှေမြို့ကျေးရွာအုပ်စုရှိ မွေးမြူရေး သုတေသနဦးစီးဌာန မွေးမြူရေး သုတေသနစခန်း (ရွှေမြို့)၌ ဆောင်ရွက်လျက်ရှိသည့် မြန်မာ့ပျားမျိုးစိတ်များ၏ မျိုးဗီဇ အချက်အလက်များကို ကမ္ဘာ့မျိုး ဗီဇဘဏ်(GenBank)၌ မှတ်ပုံတင်နိုင်ရေး၊ မြန်မာနိုင်ငံအမည်ဖြင့် ပျားဖယောင်း၊ ပျားနို့၊ မှတ်ပုံတင် ဆောင်ရွက်ပြီး မြန်မာ့ပျားရည်နှင့် ပျားထွက်ပစ္စည်း၊ ပျားဝတ်မှုန်၊ ပျားကော်၊ ပျားဆိပ်စသည့် မြန်မာ့ ပျားထွက်ကုန်များ(Bee Products of Myanmar)အဖြစ် တံဆိပ်ခတ်နှိပ်၍ ပြည်ပသို့တင်ပို့နိုင်ရေး ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး အသုံးချသုတေသန လုပ်ငန်းများနှင့် စျေးကွက်ဆိုင်ရာ သုတေသနလုပ်ငန်းများကို ပျားမွေးမြူရေး တောင်သူများ ပျားလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ရန် ဌာနစုတာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်သို့ သွားရောက်ပြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် မွေးမြူရေးတောင်သူများအား တိရစ္ဆာန်အစာ ပြုပြင်ထုတ်လုပ် ကျွေးမွေးမည့် နည်းပညာ သင်တန်းများ လေ့ကျင့်သင်ကြားပေးရန် မွေးမြူရေးဆိုင်ရာ လေ့ကျင့်ရေး သင်တန်းခန်းမ တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ကျေးလက်နေ ပြည်သူတို့၏ လူနေမှုဘဝ မြှင့်တင်ပေးနိုင်ရန်အတွက် မွေးမြူသူများ၏ အရည် အသွေးမြှင့်တင်ပေးရန် ရည်ရွယ် တည်ဆောက်လျက်ရှိသည့် အဆိုပါ သင်တန်းခန်းမတွင် မွေးမြူသူ တောင်သူများအတွက် တိရစ္ဆာန် အစာပြုပြင် ထုတ်လုပ်ခြင်း နည်းပညာနှင့် မွေးမြူရေး နည်းစနစ်များဆိုင်ရာ သင်တန်းများ တိုးချဲ့ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် မွေးမြူရေး ဆိုင်ရာ ဆေးတက္ကသိုလ်၌ အနယ်နယ် အရပ်ရပ်မှ တက်ရောက်လာကြသည့် မွေးမြူရေးသင်တန်းသား ၁၂၀ ကို လေးကြိမ်ခွဲ၍ နည်းပညာပေးသင်တန်းများ ဖွင့်လှစ် ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်