နိုဝင်ဘာ ၁၂

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း လမ်း၊ ရထားလမ်းနှင့် ရေလမ်းများတွင် မတော်တဆမှု ၅၃၂ မှုဖြစ်ပွားခဲ့ရာ  စုစုပေါင်း လူ ၅၂၈ ဦး သေဆုံးပြီး ၁၃၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း  အစီရင်ခံစာတစ်စောင်တွင် ယနေ့ဖော်ပြထားသည်။

ခရီးသည်သက်သာချောင်ချိရေးအသင်းတစ်ခုဖြစ်သော ဘင်္ဂလားဒေ့ရှ် ဂျာထရီ ကယ်လ်ယန် ဆမိတီအသင်းအဖွဲ့၏ ပြောကြားချက်အရ ပြီးခဲ့သည့်လက မော်တော်ဆိုင်ကယ်မတော်တဆဖြစ်ပွားမှုများကြောင့် ထိခိုက်ဒဏ်ရာရရှိမှုများနှင့် သေဆုံးမှုများရှိခဲ့ရာ စုစုပေါင်းသေဆုံးမှု၏ ၃၇ ဒသမ ၅ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။

အောက်တိုဘာလကဖြစ်ပွားသော လမ်းမတော်တဆမှုများသည် မုတ်သုံရာသီပျက်စီးမှုကြောင့် ချိုင့်ခွက်များဖြစ်ပေါ်စေခြင်း၊ လမ်းဘေးအတားအဆီးများနှင့် ဆိုင်းဘုတ်များပျောက်ဆုံးခြင်းကဲ့သို့သော လမ်းအခြေခံ အဆောက်အအုံချို့ယွင်းခြင်း၊ ယာဉ်မဆင်မခြင်မောင်းနှင်ခြင်းနှင့် အဝေးပြေးလမ်းမကြီးများပေါ်တွင် ဘက်ထရီစွမ်းအင်သုံး ရစ်ရှောကဲ့သို့သော ခွင့်ပြုချက်မရှိသောယာဉ်များက လမ်းများကို တရားမဝင်အသုံးပြုခြင်းတို့ အပါအဝင် အဓိကအချက်များစွာကြောင့်ဖြစ်သည်ဟု ထိုအသင်းအဖွဲ့က ပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို