စက်တင်ဘာ ၁၂
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် ယမန်နေ့ကသေဆုံးသူ ခြောက်ဦးရှိရာ ယခုနှစ်တွင် တစ်ရက်တာအတွင်းသေဆုံးမှု အမြင့်ဆုံးဖြစ်ကာ ယင်းရောဂါဖြင့် သေဆုံးသူပေါင်း ၁၄၅ ဦးရှိလာသည်ဟု ကျန်းမာရေးဝန်ဆောင်မှုဦးစီးဌာနက ပြောကြားသည်။
ယမန်နေ့က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၅၈၆ ဦး ထပ်မံတွေ့ရှိရာ ယခုနှစ်လက်ရှိအချိန်အထိ ရောဂါဖြစ်ပွားသူပေါင်း ၃၆၆၈၂ ဦး ရှိလာကြောင်း ဖော်ပြထားသည်။
သွေးလွန်တုပ်ကွေးရောဂါ ထပ်မံပျံ့နှံ့မှုကို တားဆီးရန်အတွက် ဘင်္ဂလားဒေ့ရှ် ကျန်းမာရေးအာဏာပိုင်များသည် ခြင်ပေါက်ပွားမှုကို စစ်ဆေးရန်နှင့် ပိုးလောင်းနှိမ်နင်းရေး လုပ်ငန်းများ လုပ်ဆောင်ရန် အစီအမံများ တင်းကြပ်ထားသည်။
၂၀၂၃ ခုနှစ်က သွေးလွန်တုပ်ကွေးရောဂါနှင့်ဆက်စပ်ပြီး သေဆုံးသူ ၁၇၀၅ ဦး ရှိရာ နှစ်စဉ်သေဆုံးမှုတွင် အမြင့်မားဆုံးဖြစ်ကြောင်း ဖော်ပြထားသည်။
ဇွန်လမှစက်တင်ဘာလအထိ မုတ်သုံကာလသည် သွေးလွန်တုပ်ကွေးဖြစ်ပွားသော ရာသီကာလဖြစ်သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


