စက်တင်ဘာ ၂၉

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၈၄၅ ဦးရှိရာ ယခုနှစ်အတွင်း လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုအမြင့်မားဆုံးနေ့တစ်နေ့ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ကျန်းမာရေးဝန်ဆောင်မှုဦးစီးဌာန ဒီဂျီအိတ်ချ်အက်စ်က ပြောကြားသည်။

တစ်ရက်အတွင်းမှာပင် ခြင်မှကူးစက်သောရောဂါဖြစ်ပွားမှုကြောင့် လေးဦးသေဆုံးခဲ့ရာ ယခုနှစ် လက်ရှိအချိန်အထိ သေဆုံးသူ ၁၉၂ ဦး ရှိကြောင်း အတည်ပြုဖော်ပြထားသည်။

ယခုနှစ်အတွင်း လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူပေါင်း ၄၆၀၅၁ ဦး အထိမြင့်တက်လာသည်ဟု ဒီဂျီအိတ်ချ်အက်စ်က ဆိုသည်။

ဩဂုတ်လကသွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၀၄၉၆ ဦး ရှိပြီးနောက် စက်တင်ဘာလ လက်ရှိအချိန်အထိ ယင်းရောဂါဖြစ်ပွားသူ ၁၄၅၇၅ ဦးအထိ စံချိန်တင်ခဲ့ကြောင်း ဖော်ပြထားသည်။

ဇူလိုင်လက သေဆုံးသူ ၄၁ ဦး၊ ဩဂုတ်လက သေဆုံးသူ ၃၉ ဦးနှင့် စက်တင်ဘာလအတွင်း သေဆုံးသူဦးရေ ၇၀ ရှိကြောင်း သိရသည်။

ခြင်မှကူးသောရောဂါများဖြစ်ပွားနိုင်ခြေမြင့်မားသော ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဇွန်လမှစက်တင်ဘာလအတွင်း မုတ်သုံကာလသည် သွေးလွန်တုပ်ကွေရောဂါဖြစ်ပွားသောရာသီဖြစ်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို